ဟောင်ကောင် ဒီမိုကရေစီရေး လှုပ်ရှားမှု မြန်မာနိုင်ကျဉ်းဟောင်းနဲ့ အနုပညာရှင်များ ထောက်ခံ
2014.10.06

ဟောင်ကောင်ကျောင်းသားတွေရဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုကို မြန်မာ့နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ အနုပညာရှင်တွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ က ထောက်ခံကြောင်း လှုပ်ရှားမှုတစ်ရပ် စတင်ပြု လုပ်နေပါတယ်။
ဟောင်ကောင်ကျောင်းသားတွေရဲ့ ဒီမိုကရေစီလှူပ်ရှားမှု ကို မြန်မာလူမှုအဖဲ့ွအစည်းတွေကလည်း ထောက်ခံ တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်နေတာဖြစ်တယ်လို့ ဓာတ်ပုံမှတ်တမ်းလှုပ်ရှားမှုကို စုဆောင်းနေသူ မငြိမ်းချမ်းမေက ပြောပါတယ်။
"ဒီမိုကရေစီအရေးအတွက် လှုပ်ရှားနေတဲ့ ဘယ်နိုင်ငံကိုမဆို ဘယ်လိုလှုပ်ရှားမှုကိုမဆို ကျမတို့ မြန်မာ့လူမှုအဖဲ့ွအစည်းက ထောက်ခံတယ် ဆိုတာကို ဒါပြသတဲ့သဘောနဲ့ ဒီလှုပ်ရှားမှုကို လုပ်ရတာပါရှင့်၊ ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိမလဲဆိုရင်တော့ ဟောင်ကောင်မှာ တိုက်ပွဲဝင်နေ တဲ့ ကျောင်းသူကျောင်းသားတွေအတွက် စိတ်ပိုင်းဆိုင်ရာ ခွန်အားပေးမှုတွေ အများကြီးဖြစ်ပါလိမ့်မယ်၊ သူတို့ရဲ့ အိမ်နီးချင်းနိုင်ငံတစ်ခုက နိုင်ငံသားတွေ သူတို့နဲ့အတူ ရပ်တည်နေတယ်၊ Global Citizenship ဆိုတာကို ကျမတို့ သရုပ်ဖော်နေတယ်ဆိုတာကို သူတို့သိရရင်ပဲ သူတို့ရဲ့စိတ်ဓါတ်ခွန်အားတွေကို ပိုပြီးတော့ အားပေးရာကျပါမယ်"
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖဲ့ွစည်းက ကိုမင်းကိုနိုင်၊ ကိုဂျင်မီ စတဲ့ နိုင်ငံရေး လှုပ်ရှားသူတွေအပါအဝင် တက္ကသိုလ်ကျောင်းသားတွေက ဟောင်ကောင် ဒီမိုကရေစီအရေး လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်တဲ့အနေနဲ့ တစ်ဦးချင်းရဲ့လက်ဝါးမှာ လှုပ်ရှားမှုကိုထောက်ခံကြောင်း ရေးသားတဲ့ မှတ်တမ်းဓာတ်ပုံတွေ ကို စုဆောင်းထားတာ အခုဆိုရင် လူသုံးဆယ်ကျော်ရဲ့ ဓာတ်ပုံတွေ ရရှိထားပြီးဖြစ်ပါတယ်။
ဟောင်ကောင်ကျောင်းသားတွေရဲ့ လှုပ်ရှားမှုကို ထောက်ခံတဲ့ ဓာတ်ပုံတွေကို Facebook အင်တာနက်စာမျက်နှာမှာ Campaign for Hong Kong Democracy Movement in Yangon, Burma နာမည်နဲ့ တင်ထားပြီး ဟောင်ကောင်ကျောင်းသားတွေနဲ့ နိုင်ငံတကာမီဒီယာတွေထံကို ပေးပို့သွားမှာ ဖြစ်ပါတယ်။