ရှမ်းပြည်နယ်ကနေ အရှေ့တောင်အာရှကို စိတ်ကြွဆေးအဓိကဖြန့်နေ

RFA Burmese
2024.05.28
ရှမ်းပြည်နယ်ကနေ အရှေ့တောင်အာရှကို စိတ်ကြွဆေးအဓိကဖြန့်နေ ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် နိုင်ငံတကာ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သိမ်းဆည်းရမိတဲ့ တရားမဝင် စိတ်ကြွဆေးများအား မီးရှို့ဖျက်ဆီးနေစဉ်။
AFP

အရှေ့တောင်အာရှမှာ မူးယစ်ဆေးဝါးစျေးကွက် စိုးရိမ်စရာကောင်းအောင် ကြီးထွားနေပြီး မြန်မာနိုင်ငံက ရှမ်းပြည်နယ်ဟာ အဓိကစျေးကွက်ဖြန့်တဲ့နေရာ ဖြစ်နေတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု နှိမ်နင်းရေးအဖွဲ့ (UNODC) က ပြောလိုက်ပါတယ်။

ရှမ်းပြည်နယ်မှာ မက်သာဖက်တမင်း စိတ်ကြွဆေးပြားတွေ အများဆုံးထုတ်လုပ်နေပြီး တာချီလိတ်ဟာ အဓိက ဝင်ထွက်ပေါက် ဖြစ်ပါတယ်၊ အာရှရာဇဝတ်ဂိုဏ်းသားတွေဟာ အဲဒီကနေတစ်ဆင့် ထိုင်း၊ လာအို အပါအဝင် မဲခေါင်နိုင်ငံတွေကို ပို့နေတယ်လို့ ဆိုပါတယ်။

စိတ်ကြွဆေး ရောင်းဝယ်ဖောက်ကားကြတဲ့နေရာမှာ ရေကြောင်းကနေ သယ်ယူတာ အများဆုံးတွေ့လာရပြီး အထူးသဖြင့် ထိုင်းပင်လယ်ကွေ့နဲ့ ကပ္ပလီပင်လယ်တွေကိုဖြတ် အများဆုံးကုန်ကူးနေကြတယ်လို့ UNODC က ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

၂ဝ၂၃ ခုနှစ်အတွင်း အရှေ့နဲ့ အရှေ့တောင်အာရှနိုင်ငံတွေကနေ မက်သာဖက်တမင်း စိတ်ကြွဆေးပြားတန်ချိန် ၁၉ဝ အထိ ဖမ်းဆီးရမိခဲ့ပြီး စံချိန်တင်ပမာဏ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အဲဒီထဲမှာ ထိုင်းနဲ့ မြန်မာမှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးပြား အလုံးရေ သန်းပေါင်း ၉ဝဝ ကျော် ရှိပါတယ်။

ဖမ်းမိတဲ့အရေအတွက်များလာပေမဲ့ အဖမ်းခံရတဲ့ အမှုတွေကတော့ နည်းလာပါတယ်။ ရာဇဝတ်ဂိုဏ်းသားတွေဟာ အရင်ကလို တစ်ကြိမ်မှာ နည်းနည်းစီသယ်တာ မဟုတ်တော့ဘဲ တစ်ခါသယ်ရင် ပမာဏအများကြီးသယ်တဲ့ ဗျူဟာပြောင်းလာကြတာ ဖြစ်နိုင်တယ်လို့ UNODC က ပြောထားပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် စိတ်ကြွဆေးပြားဖမ်းဆီးရမိတဲ့ အမှုတွေနည်းလာတာလို့လည်း ပြောထားပါတယ်။

စိတ်ကြွဆေးပြား လက်လီလက်ကား ရောင်းဝယ်စျေးတွေဟာ အရင်ကထက် ပိုကျနေတာကြောင့် ဝယ်သုံးတဲ့သူ ပိုများလာနေတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။