မိုးကုတ်မြို့နယ်က မူးယစ်ဆေးသုံးစွဲသူ သုံးရာကို TNLA ဖမ်းဆီး

RFA Burmese
2024.12.19
မိုးကုတ်မြို့နယ်က မူးယစ်ဆေးသုံးစွဲသူ သုံးရာကို TNLA ဖမ်းဆီး မိုးကုတ်မြို့နယ်တွင် ၂ဝ၂၄ ခုနှစ် ဩဂုတ်လအတွင်းက တွေ့ရသည့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်များ။
Photo: PSLF/TNLA News

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူ အယောက် ၃ဝဝ ကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ TNLA က ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

၂၀၂၄ ခုနှစ် ဇူလိုင်လကနေ ဒီဇင်ဘာလ ၁၉ ရက်နေ့အထိ TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က မိုးကုတ်မြို့နယ်အတွင်း မူးယစ်ဆေးဝါးတားဆီးတိုက်ဖျက်ရေးလုပ်ငန်းတွေ ဆောင်ရွက်ချိန်မှာ အခုလို အများအပြား ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့အထဲမှာ အရင်စစ်ကောင်စီထိန်းချုပ်ခဲ့ချိန်က မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေရဲ့ သတင်းအချက်အလက်တွေပေးပို့ဖို့ မူးယစ်ဆေးဝါးတွေပေးပြီး ရောင်းဝယ်သုံးစွဲခွင့်ပြုထားသူ အများအပြားပါဝင်တယ်လို့ TNLA က ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။

မူးယစ်ဆေးသုံးစွဲသူတွေကို အကျင့်စာရိတ္တပြုပြင်ရေးကျောင်းပို့ ဆေးဖြတ်ပေးသွားမှာဖြစ်ပြီး ရောင်းဝယ်သူတွေကိုတော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့က TNLA ထိန်းချုပ်နယ်မြေထဲမှာ မူးယစ်ဆေးသုံးလို့ ဖမ်းဆီးခံထားရတဲ့သူတွေကို ဆေးဖြတ်ပေးပြီးနောက် ပြန်လွှတ်ပေးခဲ့ပါတယ်။ လွတ်လာတဲ့သူတွေဟာ နောက်ထပ်ဆေးသုံးစွဲမယ်ဆိုရင် ပြန်အဖမ်းခံရမှာဖြစ်ပြီး သုံးနှစ်အထိ ဆေးဖြတ်စခန်းမှာ နေရမယ်လို့လည်း TNLA က သတိပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။