အိုင်ဗရီကို့စ်ဆန်ကိစ္စ တင်ပို့တဲ့ကုမ္ပဏီတွေမှာ တာဝန်မရှိကြောင်း အစိုးရထုတ်ပြန်
2019.04.24

စားသုံးဖို့မသင့်လို့ဆိုပြီး အိုင်ဗရီကို့စ်နိုင်ငံမှာ ဖျက်ဆီးခံလိုက်ရတဲ့ မြန်မာ့ဆန်တန် ၁၈၀၀၀ နဲ့ ပတ်သက်လို့ ဆန်တင်ပို့လိုက်တဲ့ မြန်မာကုမ္ပဏီတွေဘက်မှာ တာဝန်မရှိကြောင်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
အဲဒီဆန်တွေကို မြန်မာကုမ္ပဏီ သုံးခုဖြစ်တဲ့ မြန်မာစီးပွားရေး ကော်ပိုရေးရှင်း (MEC) ၊ ရွှေဝါရောင်ကုမ္ပဏီနဲ့ ဧရာဟင်္သာကုမ္ပဏီတို့က ဆိပ်ကမ်းရောက်ဈေးနှုန်းစနစ်ဖြစ်တဲ့ (FOB)စနစ်နဲ့ တင်ပို့ခဲ့တာဖြစ်လို့ သင်္ဘောတင်ပြီးတဲ့အချိန်ထိပဲ ကုမ္ပဏီတွေဘက်မှာ တာဝန်ရှိတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဆန်တွေကိုဝယ်ယူခဲ့တဲ့ ရန်ကုန်အခြေစိုက် Olam International စင်္ကာပူကုမ္ပဏီအနေနဲ့ ပစ္စည်းတင်ချိန်နဲ့ ကုန်ပစ္စည်းချတဲ့အချိန်ထိ အချိန် ခုနှစ်လကျော် ကြာမြင့်ခဲ့သလို သင်္ဘောတင်စဉ်နဲ့ သင်္ဘောပေါ်မှာလည်း ရေငွေ့ဝင်သွားတဲ့အတွက်ကြောင့်သာ ဆန်တွေရဲ့အရည်အသွေးကို ထိခိုက်ခဲ့တာ ဖြစ်တယ်လို့ ပါရှိပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းကာ ဆန်တင်ပို့တဲ့ကုမ္ပဏီတွေ၊ အရည်အသွေးစစ်ဆေးတဲ့ကုမ္ပဏီနဲ့ ဆန်ဝယ်ယူသွားတဲ့ Olam International ကုမ္ပဏီတို့ကို အသေးစိတ် စစ်ဆေးသွားမယ်လို့လည်း သိရပါတယ်။
ဒီဖြစ်စဉ်ကြောင့် ပြည်ပကို မြန်မာ့ဆန်တင်ပို့မှု ထိခိုက်မှုမရှိဘဲ ၂၀၁၉ ခုနှစ် ဧပြီလ ၁ ရက်နေ့ကနေ ၁၉ ရက်နေ့ အတွင်းမှာပင် အာဖရိကနိုင်ငံတွေကို ဆန်တန်ချိန် ၂၇၉၉၅ တန်၊ အာရှနိုင်ငံတွေကို ဆန်တန်ချိန် ၁၁၉၀ တန်၊ ဆန်ကွဲတန်ချိန် ၁၁၅၀ တန်၊ ဥရောပနိုင်ငံတွေကို ဆန်တန်ချိန် ၁၅၂၇၁ တန်နဲ့ ဆန်ကွဲတန်ချိန် ၁၉၀၁၀ တန်ကို ပုံမှန်အတိုင်း ဆက်လက်တင်ပို့ချက်ရှိတယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်ကြောင့် နိုင်ငံတကာ တင်ပို့မှုကို မထိခိုက်သလို ပြည်တွင်းက စပါးစိုက်တောင်သူတွေကိုလည်း ထိခိုက်မှာမဟုတ်ဘူးလို့ ဧပြီလ ၂၂ ရက်နေ့က ရန်ကုန်မြို့ မြန်မာနိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ပြောထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့တာပါ။