မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရတဲ့နိုင်ငံအဖြစ် အမေရိကန်သတ်မှတ်

RFA Burmese
2024.10.31
မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရတဲ့နိုင်ငံအဖြစ် အမေရိကန်သတ်မှတ် ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်း ထီးကပလယ်ကျေးရွာရှိ ကရင်နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်း ၂​ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့က လေကြောင်းမှ တိုက်ခိုက်ခံရပြီးနောက် ပျက်စီးသွားသည့် မြင်ကွင်း။
Photo: KNDO

မြန်မာနိုင်ငံဟာ ၂ဝ၂၄ ခုနှစ်မှာ ဘာသာရေးလွတ်လပ်ခွင့်အခြေအနေ ဆက်လက်ဆိုးဝါးနေတယ်လို့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် (USCIRF) အဖွဲ့ရဲ့ အောက်တိုဘာ ၃၁ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။

စစ်ကောင်စီဟာ နယ်မြေစိုးမိုးမှုဆုံးရှုံးချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) တွေရဲ့ နယ်မြေတွေ အားကောင်းနေပြီး စင်ပြိုင်အစိုးရတည်ဆောက်လာတာနဲ့အမျှ အခြေအနေ ပိုဆိုးနေတယ်လို့ ထောက်ပြပါတယ်။ ပဋိပက္ခတွေ အရှိန်မြင့်လာတာဟာ ဘာသာရေး လွတ်လပ်ခွင့် (ဒါမှမဟုတ်) လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို အပြုသဘောမဆောင်တဲ့ အကျိုးသက်ရောက်စေတယ်လို့ ဖော်ပြပါတယ်။

USCIRF အစီရင်ခံစာမှာ မြန်မာပြည်တွင်းက စစ်ရေးနဲ့ နိုင်ငံရေးအဖြစ်အပျက်တွေကို မီးမောင်းထိုးဖော်ပြထားပါတယ်။ ဒါ့အပြင် ဘာသာရေးအသင်းအဖွဲ့တွေ တိုက်ခိုက်ခံရတာတွေ၊ ရိုဟင်ဂျာတွေ အပါအဝင် ဒုက္ခသည်ပေါင်းစုံရဲ့ အခြေအနေတွေနဲ့ ပဋိပက္ခကို ကမ္ဘာက တုံ့ပြန်မှုကို ဖော်ပြပါတယ်။

ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး စစ်ကောင်စီနဲ့ EAO အဖွဲ့တွေကတော့ တစ်စုံတစ်ရာ ပြောဆိုတာမရှိသေးပါဘူး။ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းဖို့ ဖုန်းဆက်ရာမှာလည်း လက်ခံဖြေဆိုတာမရှိပါဘူး။

USCIRF အစီရင်ခံစာမှာ မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့်ကို စနစ်တကျ ဆက်လက်ချိုးဖောက်နေကြောင်းနဲ့ အမေရိကန်နိုင်ငံခြားရေးဌာနကလည်း မြန်မာနိုင်ငံကို အထူးစိုးရိမ်ရတဲ့နိုင်ငံအဖြစ် သတ်မှတ်ထားတာကိုလည်း ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။