ဘာသာရေးအဆောက်အဦးတွေကို စစ်ရေးအတွက် အသုံးမပြုစေလိုကြောင်း ချင်းခရစ်ယာန်အမှုဆောင်တွေပြော
2021.08.19
စစ်ကောင်စီတပ်က ဘာသာရေးအဆောက်အဦးတွေကို စစ်ရေးအတွက် အသုံးပြုနေတာဟာ နောင်မှာ နိုင်ငံရေးပြဿနာထက် ပိုမိုကြီးမားတဲ့ ဘာသာရေးပဋိပက္ခအသွင် ဆောင်လာနိုင်တယ်လို့ ချင်းပြည်နယ် ဖလမ်းမြို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဓမ္မအမှုတော်ဆောင်များအဖွဲ့က ဩဂုတ်လ ၁၉ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။
ချင်းပြည်နယ်မှာ နိုင်ငံရေး စစ်ရေးတင်းမာနေတဲ့အတွက် စစ်ကောင်စီတပ်တွေဟာ ဩဂုတ်လ ဒုတိယပတ်က တားလ်ကျေးရွာထဲမှာ နယ်မြေရှင်းလင်းရေးလုပ်ခဲ့တဲ့အတွက် ဒေသခံရွာသားတွေဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း၊ စစ်ကောင်စီ စစ်သားတွေဟာ ခရစ်ယာန်ဘုရားကျောင်းမှာ တပ်စွဲခဲ့ပြီး အညစ်အကြေးစွန့်တာ၊ စားကြွင်းစားကျန်တွေ ထားခဲ့တာ၊ သမ္မာကျမ်းစာအုပ်တွေနဲ့ ဘုရားသီချင်းစာအုပ်တွေကို စွန့်ပစ်ခဲ့တာတွေရှိလို့ ဒီလုပ်ရပ်တွေကို အပြင်းအထန် ကန့်ကွက်ရှုတ်ချတယ်လို့ ဖလမ်းမြို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဓမ္မအမှုတော်ဆောင်များအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုင်းပြည်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို စစ်ရေးနဲ့မဟုတ်ဘဲ နိုင်ငံရေးနည်းလမ်းနဲ့ ငြိမ်းချမ်းစွာ အဖြေမရှာတဲ့အတွက် တင်းမာမှုပိုဖြစ်ပွားနေတယ်လို့ ရှုမြင်ကြောင်းလည်း ကြေညာချက်မှာ ရေးသားထားပါတယ်။