အိန္ဒိယအစိုးရဲ့ နယ်စပ်မူဝါဒအပေါ် မြန်မာစစ်ဘေးဒုက္ခသည်တွေ စိုးရိမ်
2024.12.22

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ မဏိပူရ်ပြည်နယ်နဲ့ နာဂလန်းပြည်နယ်တွေမှာ နိုင်ငံခြားသား ဝင်ထွက်ခွင့်အတွက် ဝင်ခွင့်ကြိုတင်လျှောက်ပြီးမှ ခွင့်ပြုဖို့ အိန္ဒိယဗဟိုအစိုးရက ကန့်သတ်လိုက်တဲ့အပေါ် စိုးရိမ်မှုတွေ ရှိတယ်လို့ နယ်စပ်ဒေသမှာ နေထိုင်တဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေက RFA ကို ဒီဇင်ဘာလ ၂၂ ရက် ဒီနေ့ ပြောပါတယ်။
၁၃ နှစ်ကြာခွင့်ပြုထားတဲ့ နှစ်နိုင်ငံနယ်စပ် လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် (FMR) ကို ဒီဇင်ဘာလ ၁၇ ရက်နေ့က ဖျက်သိမ်းခဲ့ပြီး အခုလို ကန့်သတ်လိုက်တာလို့ အိန္ဒိယအခြေစိုက် သတင်းတွေမှာ ဖော်ပြပါတယ်။
အိန္ဒိယဗဟိုအစိုးရက ဝင်ခွင့်ကန့်သတ်လိုက်တဲ့ ပြည်နယ်တွေထဲမှာ မြန်မာဘက်အခြမ်းက ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည် ခုနစ်သောင်းနီးပါး ရှိနေတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ်။
ဒီကန့်သတ်ချက်ကြောင့် စစ်ဘေးဒုက္ခသည်တွေအပေါ် သက်ရောက်မှုရှိလာမှာ စိုးရိမ်တယ်လို့ မဏိပူရ်ရောက် မြန်မာ စစ်ဘေးဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။
"မဏိပူရ်က အရင်ကတည်းက မြန်မာတွေကို ကြည်ဖြူတာ မဟုတ်ဘူးလေ။ အခုလို ကန့်သတ်လိုက်တော့ ပိုဆိုးသွားမှာ၊ နယ်စပ်ဒေသတွေက အများအားဖြင့် ဆေးကုသဖို့တွေ၊ ကုန်စည်တွေကို ဟိုဘက်ကပဲ ၀ယ်ရတော့ အခက်အခဲတွေ ဖြစ်လာမယ်ထင်တယ်။ ကျွန်မတို့လို ဒုက္ခသည်အတွက်လည်း ဘာတွေဖြစ်လာမလဲ မသိဘူး။ စိုးရိမ်မိတယ်"
အဲဒီ နယ်စပ်ဒေသတွေမှာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကတည်းက ဝင်ထွက်သွားလာဖို့ ခွင့်ပြုချက်လျှောက်ထားတာကို ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ဖြေလျှော့ခဲ့တာဖြစ်ပါတယ်။
မြန်မာ စစ်ဘေးဒုက္ခသည်တွေ ဝင်ထွက်သွားလာနိုင်မှုအပေါ် သဘောထားသိနိုင်ဖို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးကို RFA က အီးမေးလ်ကတစ်ဆင့် စာပေးပို့ မေးမြန်းထားဆဲဖြစ်ပါတယ်။
စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲပြင်းထန်လာတာနဲ့အမျှ မြန်မာနိုင်ငံက အဖြစ်အပျက်တွေ အထူးအနီးကပ် စောင့်ကြည့်နေတယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Randhir Jaiswal က ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ပြောထားပါတယ်။