လျှပ်စစ်ဒုဝန်ကြီး ပြောဆိုချက်ကို ဦးပိုင် တုံ့ပြန်


2019.08.30
dr-tunnaing-622.jpg လျှပ်စစ်နဲ့စွမ်းအင် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ကို ၂ဝ၁၉ သြဂုတ် ၂၁ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ တွေ့ရစဉ်
Photo: Pyidaungsu Hluttaw

ပြည်ထောင်စုလွှတ်တော်မှာ လျှပ်စစ်နဲ့စွမ်းအင် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ပြောကြားချက်တွေဟာ မြန်မာ့စီးပွားရေးဦးပိုင် အများနဲ့သက်ဆိုင်သော ကုမ္ပဏီလီမိတက်အပေါ် ပြည်သူတွေ အထင်မြင်လွဲမှားပြီး ဂုဏ်သိက္ခာထိခိုက်စေတယ်ဆိုတဲ့ ထုတ်ပြန်ချက်ကို ဦးပိုင်ကုမ္ပဏီက ဒီနေ့ထုတ် မြဝတီသတင်းစာမှာ ထည့်သွင်းထားပါတယ်။

သြဂုတ် ၂၁ ရက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ထွေးက လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနရဲ့ မီတာများ တင်ဒါခေါ်ယူမှုကိစ္စကို ရှင်းလင်းပေးဖို့ တောင်းဆိုခဲ့တာပါ။

အဲဒီမှာ ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်က ဝန်ကြီးဌာနကနေ ခေါ်ယူခဲ့တဲ့ တင်ဒါ ငါးခုကိုရောထွေးပြီး လိုရာကို ဆွဲထုတ်ရှင်းလင်းခဲ့တဲ့အကြောင်း၊ ဒုဝန်ကြီး ပြောတဲ့အထဲမှာ တင်ဒါဝင်ရောက်ယှဉ်ပြိုင်တဲ့ ကုမ္ပဏီတွေက ဝန်ကြီးဌာနရဲ့ တင်ဒါရွေးချယ်မှုတွေကို ဝင်ရောက်စွက်ဖက်ချင်တာ၊ လွှမ်းမိုးချင်တာ၊ မလျော်သြဇာသုံးချင်တာတွေရှိတယ်လို့ သုံးသပ်ချက်တွေဟာ ကုမ္ပဏီရဲ့ သိက္ခာကို ထိခိုက်စေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကုမ္ပဏီကို ပြည်ပနိုင်ငံတချို့က ဖိအားပေးနေတဲ့ အခုလိုကာလမှာ ဒုဝန်ကြီးရဲ့ အဲဒီလို ပြောဆိုချက်တွေဟာ ပြည်တွင်းမှာပါ ပိုပြီးအထင်လွဲအောင် တွန်းအားပေးသလိုဖြစ်နေတာကြောင့် မီတာတင်ဒါခေါ်ယူတာတွေနဲ့ ပတ်သက်တဲ့ ဖြစ်ရပ်တွေကို အစုရှယ်ယာရှင်တွေနဲ့ အများပြည်သူနားလည်အောင် ရှင်းလင်းဖော်ပြတာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။

အဲဒီထုတ်ပြန်ချက်မှာလည်း ဝန်ကြီးဌာနကို တင်သွင်းတဲ့ မီတာတင်ဒါ အဆင့်ဆင့်ကိုလည်း ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။