ထိပ်သီး ၁၄ ဦး နေပြည်တော် မှာ တွေ့ဆုံဆွေးနွေး


2014.10.31
dassk-minaunghlaing-305.jpg နေပြည်တော်သမ္မတ အိမ်တော်ဝင်း အစည်းအဝေးခန်းမ မှာ အောက်တိုဘာ ၃၁ ရက်နေ့ကကျင်းပတဲ့ နိုင်ငံရေး ထိပ်သီးအစည်းအဝေးပွဲကို တက်ရောက်လာတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ လက်ဆွဲနှုတ်ဆက်ကြစဉ်
Photo: RFA

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်း စုကြည်အပြင် နိုင်ငံ့ခေါင်းဆောင်တွေနဲ့ နိုင်ငံရေး ပါတီခေါင်းဆောင် ထိပ်သီးခေါင်းဆောင် ၁၄ ဦးဟာ နေပြည်တော် သမ္မတအိမ်တော်မှာ ဒီနေ့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အဲဒီတွေ့ဆုံဆွေးနွေးမှုနဲ့ ပတ်သက်ပြီး ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးရဲထွဋ်က သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် အောင်မြင်အောင် လုပ်ဆောင်သွားဖို့ အားလုံးကလက်ခံခဲ့ကြတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"ဖြစ်နိုင်ရင် ၂ဝ၁၄ ခုနှစ် အကုန်ပိုင်းမှာ ဒါမှမဟုတ် ၂ဝ၁၅ ခုနှစ် အစပိုင်းမှာ တစ်နိုင်ငံလုံးကို လွှမ်းခြုံတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ဖို့ အရေးကြီးတယ်၊ အထူးသဖြင့် အဲဒီ့လက်မှတ်ရေးထိုးပြီးနောက်ပိုင်းမှာ နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လုပ်နိုင်ဖို့အတွက် အခြေခံမူဘောင်များကို ချမှတ်နိုင်မှသာလျှင် ရွေးကောက်ပွဲအပြီးမှာ မည်သူပဲတာဝန်ယူသည်ဖြစ်စေ၊ မည်သည့်အစိုးရကပဲ တာဝန်ယူသည်ဖြစ်စေ တိုင်းရင်းသား အဖွဲ့အစည်းများအနေနဲ့ ယုံကြည်စိတ်ချစွာနဲ့ နိုင်ငံရေးဆွေးနွေးပွဲများကို ဆက်လုပ်နိုင်မှာဖြစ်တယ်ဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်"

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်တွင်းက ဆောင်ရွက်ဖို့နဲ့ ၂၀၁၅ ရွေးကောက် ပွဲ အောင်အောင်မြင်မြင်ကျင်းပနိုင်ဖို့အတွက် အစိုးရ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ သတင်း မီဒီယာတွေ ပူးပေါင်းပါဝင်ဖို့စတာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ထိပ်သီး ၁၄ ဦးရဲ့ ဒီကနေ့ဆွေးနွေးပွဲကို ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်း၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဌ ဦးခင်မောင်ဆွေ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသိန်းထွန်းနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးဌေးဦး စတဲ့ခေါင်းဆောင်တွေ တက်ရောက်ခဲ့တာပါ။

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဌ ဦးခင်မောင်ဆွေကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ ခေါင်းဆောင်တွေရဲ့ ပြောကြားချက်တွေကို ကိုသီဟထွန်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

တဆက်တည်း ဒီတွေ့ဆုံပွဲအပေါ် သုံးသပ်သူတွေရဲ့ အမြင်တွေကို RFA အဖွဲ့သား ကိုနေရိန်ကျော် တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။