MAI ဘဏ်စာရင်း ငါးခုလုံး ပိတ်သိမ်းမယ်လို့ စင်ကာပူ (UOB) ဘဏ်ထုတ်ပြန်

RFA Burmese
2023.07.11
MAI ဘဏ်စာရင်း ငါးခုလုံး ပိတ်သိမ်းမယ်လို့ စင်ကာပူ (UOB) ဘဏ်ထုတ်ပြန် Myanmar Airways International (MAI) လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးအား ၂၀၂၁ ခုနှစ် မေလ ၂၆ ရက်နေ့က တွေ့ရစဉ်။
AP Photo/Ng Han Guan

စင်ကာပူ အခြေစိုက် United Overseas Bank (UOB) ဘဏ်ဟာ Myanmar Airways International (MAI) လေကြောင်းလိုင်းနဲ့ သက်ဆိုင်တဲ့ ဘဏ်စာရင်း ငါးခုစလုံးကို သြဂုတ်လ ၁၅ ရက်နေ့ကစပြီး ပိတ်သိမ်းတော့မယ်လို့ လေကြောင်းလိုင်းရဲ့ အမှုဆောင်အရာရှိချုပ် ဆာရာဗန်နန် ရာမာဆာမီ က လက်မှတ်ထိုးပြီး ပေးပို့တဲ့ စာတစ်စောင်မှာ ဖော်ပြထားပါတယ်။

ဇူလိုင်လ ၁ ရက်ကစပြီး၊ MAI လေကြောင်းလိုင်းရဲ့ ဘဏ်စာရင်းထဲကို ငွေကြေးနဲ့ ချက်လက်မှတ်တွေ ထည့်သွင်းဖို့ ခွင့်ပြုတော့မှာ မဟုတ်တဲ့အကြောင်း အဲဒီစာမှာ ဖော်ပြထားပါတယ်။

လေကြောင်းလိုင်းကနေ UOB ဘဏ်ကို အသုံးပြုပြီး ငွေပေးချေမှုတွေကိုလည်း ဇူလိုင်လ ၂၁ ရက်မှာ ရပ်တန့်မယ်လို့ ဖော်ပြထားပါတယ်။ MAI ကို 24 Hour Group of Companies ဥက္ကဋ္ဌ ဦးအောင်အောင်ဇော် ပိုင်ဆိုင်တာဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်က လက်နက်နဲ့ ကုန်ကြမ်း ပစ္စည်းတွေ ဒေါ်လာ ၁.၃၄ ဘီလျံဖိုး တင်သွင်းနေတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးရဲ့ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး နှစ်လအကြာမှာ UOB ဘဏ်ကနေ အခုလို ပိတ်သိမ်းလိုက်တာပါ။ မစ္စတာ တွမ်အင်ဒရူးရဲ့ အစီရင်ခံစာထဲမှာ မြန်မာစစ်တပ်က လက်နက်တွေဝယ်ယူရာမှာ စင်ကာပူဘဏ်တွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချနေတဲ့အကြောင်း ဖော်ပြထားပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ကလည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှနန် က ပါလီမန် အမတ်တွေရဲ့ မေးခွန်းကို ဖြေကြားရာမှာ၊ စင်ကာပူနိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုကို ပိတ်ပင်ထားတာမရှိဘဲ အရပ်သားပြည်သူတွေကို တိုက်ခိုက်ရာမှာ လက်နက်အဖြစ် အသုံးပြုနိုင်မယ့် ကုန်ပစ္စည်းရောင်းချမှုတွေကိုသာ ပိတ်ပင်ထားကြောင်း ပြောကြားသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။