ချင်းမိုင်က မြန်မာ ညီလာခံ
2015.07.24
သုတေသန မှတ်တမ်းပြုစုနေုကြတဲ့ မြန်မာနိုင်ငံက ကျောင်းသူကျောင်းသား ၈၀ ပါဝင်တဲ့ မြန်မာပြည်ဆိုင်ရာ ညီလာခံ တစ်ရပ်ကို ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ချင်းမိုင်တက္ကသိုလ်မှာ ဇူလိုင်လ ၂၄ ရက်နေ့ကစပြီး ၃ ရက်ကြာ ကျင်းပနေပါတယ်။
မြန်မာနိုင်ငံက အပြောင်းအလဲတွေကို နိုင်ငံတကာက ပိုမို သိရှိနားလည်လာနိုင်စေဖို့အတွက် တတ်သိပညာရှင်တွေ ပါခေါ်ယူကျင်းပနေတာဖြစ်တယ်လို့ ဒီညီလာခံကို တက်ရောက်နေတဲ့ Pyidaungsu Institute ပြည်ထောင်စု သိပ္ပံအဖွဲ့က ဦးဆောင်ညွန်ကြားရေးမှူး ဦးခွန်ဆိုင်း က ပြောဆိုပါတယ်။
"အဓိကက သူတို့ပြောတာက ဒေါက်တာ ချိုင်းယန်းဝပ်ထနဖုထိ ဆိုတာက ဒီကိစ္စကို စီစဉ်တဲ့လူပေါ့ သူကပြောတာက ကျနော်တို့က ထိုင်းနိုင်ငံက ဗမာပြည်နဲ့ အနီးဆုံး နိုင်ငံဖြစ်ပြီးတော့မှ ဗမာအကြောင်း သိတာသိပ်နည်းတယ်တဲ့ သိတဲ့ ဟာတွေကလည်း တလွဲတချော်တွေကြည့်ဘဲ ဒီဥစ္စာတွေကို အမှန်ကို အမှန်အတိုင်း သိအောင် အရှိ အရှိတိုင်း သိအောင် ဆိုပြီးတော့မှ ကျနော်တို့ လုပ်တာ ဖြစ်တယ် ဒါကြောင့်မိုလို့ ခု ဒီတစ်ခေါက်မှာ ဆိုလို့ရှိရင် ဒီဗမာပြည်က သပ်သပ် ဖိတ်ခေါ် တာက လူပေါင်း ၈၀ ရှိတယ်၊ ဒီမှာလာပြီးတော့မှ နေထိုင်တဲ့ ဗမာတွေနဲ့ တွက်လိုက်မယ်ဆိုလို့ ရှိရင် တစ်ရာ ကျော်ရှိနေတယ် ဒီထဲမှာ အားလုံးပေါင်းလိုက် လို့ရှိရင် လာပြီးတော့မှ တက်ရောက်တဲ့လူ ၃၀၀ လောက်ရှိတယ်"
မနေ့က ဆွေးနွေးပွဲမှာတော့ မြန်မာနိုင်ငံအကြောင်း လေ့လာပြီး သုတေသနမှတ်တမ်း ပြုစုထားတဲ့ ကျောင်းသူကျောင်း သားတွေ သုတေသီတွေက စာတမ်းဖတ် ကြပြီး နိုင်ငံသားဖြစ်မှုအကြောင်းအရာ၊ နိုင်ငံတကာ အကူအညီရယူမှု ကိစ္စ၊ နိုင်ငံခြား ဆက်ဆံရေးကိစ္စတွေကို အဓိက ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒီညီလာခံမှာ နိုင်ငံရေး၊ စီးပွားရေး လူမှုရေး တွေအပြင် စိုက်ပျိုးရေး၊ လူထုကျန်းမာရေး၊ တိုင်းရင်းသားနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု၊ ဘာသာရေးနဲ့ လူမျိုးရေး၊ ပညာရေး၊ လူ့အခွင့်အရေးနဲ့ ရွှေ့ပြောင်းအလုပ်သမားအရေးတွေနဲ့ မီဒီယာ ကိစ္စတွေကို သုတေသနပြုစုထားကြတဲ့ ပညာရှင်တွေ၊ သုတေသနပြုစုနေကြသူတွေနဲ့ လက်တွေ့လုပ်ကိုင်နေသူတွေ ပါဝင်ဆွေးနွေးသွားကြမှာ ဖြစ်တယ်လို့ သိရပါတယ်။
ချင်းမိုင်တက္ကသိုလ်မှာ ကျင်းပတဲ့ ဒီညီလာခံမှာ မြန်မာနိုင်ငံသားတွေ အများအပြား ပါဝင်လာတာ တွေ့ရပြီး ဒါဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ပိုမိုပွင့်လင်း လာတာကြောင့် ဖြစ်တယ်လို့ ချင်းမိုင်တက္ကသိုလ်က မြန်မာစာ ဆရာမ ဒေါ်ယမင်းရွှေစင်ထိုက် က ပြောပါတယ်။
"သူတို့ကို နိုင်ငံတကာအမြင်နဲ့ သူတို့လာပြီးတော့ ဒီမြန်မာနိုင်ငံမှာရှိနေတဲ့ လက်ရှိ အခြေအနေကို သုံးသပ်ပြီးတော့ လာစာတမ်းလုပ်တဲ့အတွက်ပေါ့ မမြင်သေး တဲ့ဟာတွေ မြင်လာနိုင်တယ် နောက်ပြီးတော့ လက်ရှိ ဆရာဆရာမတွေ လည်း မြန်မာနိုင်ငံထဲမှာ စတင် တိုးတက်လာတာ မဟုတ်လား ပညာရေး အခြေအနေက တိုးတက်လာတယ်ဆို ဒီလို နိုင်ငံတကာ အဆင့် ဒီလိုမျိုး စာတမ်းဖတ်ပွဲတွေမှာ ကွန်ဖရန့်ကို သူတို့လာပြီးတော့ ပါဝင်ခွင့်ရတာ သူတို့ အတွက် အခွင့်အရေး လည်းကောင်းတယ် နောက်ပြီး ရှေ့ဆက် ပေါ့နော် အနာဂတ်မှာလည်း ဒီလို ရီစပ်လုပ်တဲ့ ဟာတွေနော် ပိုတိုးတက်လာလိမ့်မယ် ထင်တယ်"
ဒီညီလာခံကို မြန်မာနဲ့ နိုင်ငံတကာ ပညာရှင်တွေအပါအဝင် လူ ၃၀၀ ခန့် တက်ရောက် ဆွေးနွေးနေကြပါတယ်။