မွတ်စလင် ဒုက္ခသည် ၆ဝ ကျော် လှေမှောက် ပျောက်ဆုံး
2013.11.04
မွတ်စလင်ဒုက္ခသည် ၇၀ နီးပါး တင်ဆောင်ပြီး ရခိုင်ပြည်နယ်ကနေ မလေးရှားနိုင်ငံဘက်ကို ထွက်ခွာလာခဲ့တဲ့ စက်လှေတစ်စီး မြန်မာ့ကမ်းရိုးတန်းမှာ တနင်္ဂနွေနေ့က တိမ်းမှောက်နစ်မြှပ်သွားခဲ့ရာမှာ ၆ ယောက်ကိုသာ ကယ်ဆယ်နိုင်ခဲ့ပြီး၊ လှေပေါ်ပါသူ အတော်များများပျောက်ဆုံးနေပါတယ်။
အဲဒီလှေမှာ အမျိုးသား ၃၈ ယောက်၊ အမျိုးသမီး ၂၈ ယောက် စုစုပေါင်း ၆၆ ယောက် တင်ဆောင်လာခဲ့ကြောင်း၊ သူတို့အားလုံးဟာ ဒေသတွင်းပဋိပက္ခတွေကြောင့် စစ်တွေမြို့အနီးတဝိုက်က ဒုက္ခသည်စခန်းတွေမှာ ရွှေ့ပြောင်းနေထိုင်ကြသူတွေဖြစ်မယ်လို့ ယူဆရကြောင်း ရခိုင်ပြည်နယ်က အမည်မဖေါ်လိုသူ ရဲအရာရှိတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့မေလကလည်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းကျရောက်နေချိန်အတွင်း ကျောက်ဆောင်တွေနဲ့ တိုက်မိပြီး နစ်မြုပ်ခဲ့တဲ့ စက်လှေတစ်စီးပေါ်က မွတ်စလင်ဒုက္ခသည် ၆ဝ နီးပါး သေဆုံးခဲ့ပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ စာရင်းအရ ပြီးခဲ့တဲ့နှစ် ဇွန်လကစပြီး ပင်လယ်ပြင်ကို လှေနဲ့ ဖြတ်ကျော်ခဲ့ကြသူ မွတ်စလင်ဒုက္ခသည်ပေါင်း နှစ်သောင်းရှစ်ထောင်လောက်ရှိမယ်လို့ ခန့်မှန်းထားပြီး၊ အဲဒီထဲက လေးရာကျော် သေဆုံးခဲ့ဖွယ်ရှိတယ်လို့ ဆိုပါတယ်။