ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် ကချင်စစ်ဘေး ဒုက္ခသည်စခန်းတွေ သွားရောက်
2017.01.10

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီ ဟာ ဒီကနေ့ ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်က ခရစ်ယာန် နှစ်ခြင်းအသင်းတော်နဲ့ ကက်သလစ်အသင်းတော် ကယ်ဆယ်ရေးစခန်းတချို့ကို သွားရောက်လေ့လာခဲ့ပါတယ်။
ကယ်ဆယ်ရေးစခန်းမှာ ကလေးမွေးဖွားနှုန်းအခြေအနေ၊ ရပ်ရွာတွေကနေ လာရောက်ခိုလှုံနေသူတွေရဲ့ အခြေအနေနဲ့ ကယ်ဆယ်ရေးစခန်းမှာ ရင်ဆိုင်နေရတဲ့ လက်ရှိအခြေအနေတွေကို မေးမြန်းခဲ့တာဖြစ်ပါတယ်။
ကချင်ပြည်နယ်ခရီးစဉ်အတွင်း ဖားကန့်နဲ့ လိုင်ဇာဒေသကို သွားရောက်ခွင့်မရတာနဲ့ ပတ်သက်ပြီး စိတ်မကောင်းကြောင်း မစ္စယန်ဟီးလီ က RFA ကိုပြောပါတယ်။
ကွင်းဆင်းလေ့လာရမယ့်နေရာတွေ ကျန်နေသေးတဲ့အတွက် လောလောဆယ်မှာ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ လေ့လာတွေ့ရှိချက်တွေကို မပြောနိုင်သေးဘူးလို့လည်း ဆိုပါတယ်။
ကုလသမဂ္ဂရဲ့ ကိုယ်စားလှယ်တစ်ယောက်အတွက် လုံခြုံရေးအခြေအနေ စိတ်မချရတာကြောင့် လိုင်ဇာနဲ့ ဖားကန့်ဒေသဘက်ကို သွားခွင့်မပြုတာလို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးဒီဆင်ရမ် က ပြောပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူဟာ မနေ့က ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့ပြီး အမျိုးသမီးတွေရဲ့ လူ့အခွင့်အရေးကိစ္စ၊ စစ်ဘေးဒုက္ခသည်တွေအရေး စတာတွေကို ဆွေးနွေးခဲ့ပြီး ဒီကနေ့ မြစ်ကြီးနားကနေ ပြန်လည်ထွက်ခွာသွားပါတယ်။
မစ္စယန်ဟီးလီ ဟာ သူ့ရဲ့ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်ဘက်က အခြေအနေတွေကို သွားရောက်လေ့လာမှာဖြစ်သလို မွန်ပြည်နယ်ကိုလည်း သွားရောက်ဖို့ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရန်ကုန်နဲ့ နေပြည်တော်မှာလည်း အစိုးရ၊ တပ်မတော်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး ခရီးစဉ်ပြီးဆုံးချိန်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မှာဖြစ်ပါတယ်။