ငသိုင်းချောင်းမြို့နယ် ဇရပ်လှရွာ ဒေသခံ ၇၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီး

2022.10.02
ငသိုင်းချောင်းမြို့နယ် ဇရပ်လှရွာ ဒေသခံ ၇၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီး ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ် ငသိုင်းချောင်းမြို့နယ်ခွဲ ဇရပ်လှရွာတွင် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့က အုပ်ချုပ်ရေးမှူး ဦးတာတေ သတ်ဖြတ်ခံခဲ့ရစဉ်။
Photo: Citizen Journalist

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ် ငသိုင်းချောင်းမြို့နယ်ခွဲ ဇရပ်လှရွာက အုပ်ချုပ်ရေးမှူး ဦးတာတေ သတ်ဖြတ်ခံရပြီးနောက် စစ်ကောင်စီက အရပ်သား ၇၀ ကျော်ကို ဖမ်းဆီး ထားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ မြစ်ဆယ်ရွာ၊ ဇရပ်လှရွာ၊ ကျုံတာရွာနဲ့ ငသိုင်းချောင်းမြို့က ဒေသခံတွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက ခန့်အပ်ထားတဲ့ ဇရပ်လှရွာအုပ်ချုပ်ရေးမှူးဟာ ရေကြည်မြို့နယ်မှာ အစည်းအဝေးတက်ပြီး ဆိုင်ကယ်နဲ့ပြန်အလာ စက်တင်ဘာလ ၂၈ ရက်နေ့ ညနေ ၃ နာရီမှာ ကျုံတာရွာအနီး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီဖြစ်စဉ်ကြောင့် စက်တင်ဘာလ ၂၈ ရက် ညပိုင်းကနေ အောက်တိုဘာ ၂ ရက် ဒီနေ့အထိ ဒေသခံ ၇၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတာလို့ ငသိုင်းချောင်းမြို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

"ဦးတာတေက ငါးချက်ပစ်ခံရတာပါ၊ ခေါင်း၊ ရင်ဘတ်တွေကို ထိတယ်၊ နေရာမှာတင် ဆုံးသွားတယ်။ သူက ဆိုင်ကယ်နဲ့အနောက်ကလိုက်တာ အဲဒါဘေးချင်းကပ်ပြီး ပစ်သွားတာ။ သူအပစ်ခံရပြီးကတည်းက ရွာတွေထဲက ဒေသခံတွေကို ရာအိမ်မှူးနဲ့ ဒလန်တွေ၊ စစ်သားတွေက တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်ဖမ်းတာပဲ။ ဖမ်းဆီးခံရတဲ့ ဒေသခံတွေကို လက်ပြန်ကြိုးတုပ်တယ်၊ သံကြိုးတွေခတ်တယ်"

ဇရပ်လှရွာ အုပ်ချုပ်ရေးမှူး သတ်ဖြတ်ခံရမှု၊ နောက်ဆက်တွဲဖမ်းဆီးမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဇရပ်လှရွာအုပ်ချုပ်ရေးမှူးကို ဘယ်အဖွဲ့အစည်းက သတ်ဖြတ်ခဲ့တယ်ဆိုတာလည်း RFA အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။