တရုတ်နိုင်ငံကို လူကုန်ကူးခံရတဲ့ အမျိုးသမီး နှစ်ဆယ်ကျော်ကို ကယ်တင်ထား
2025.04.11

မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကိုလူကုန်ကူးခံရတဲ့ အမျိုးသမီး ၂၁ ဦးကို ပြီးခဲ့တဲ့ မတ်လ ဆန်းပိုင်းက မန္တလေးမြို့မှာ အာဏာပိုင်တွေက ကယ်တင်လိုက်နိုင်ပြီး ကချင်ပြည်နယ် မြစ်ကြီးနားမှာ ဆက်လက်ထိန်းသိမ်းထားတယ်လို့ မိသားစုဝင်တွေ၊ လူကုန်ကူးတားဆီးရေးဆောင်ရွက်နေသူတွေက RFA ကို ဒီနေ့ ပြောပါတယ်။
အဲဒီအထဲမှာ အသက် ၁၅ နှစ်ကနေ ၃၈ နှစ်အရွယ်အကြား ရခိုင်ပြည်နယ် စစ်တွေမြို့နယ်က ဆယ်ဦး၊ ကျောက်ဖြူ မြို့နယ်က သုံးဦး၊ ကျောက်တော်မြို့နယ်ကတစ်ဦးနဲ့ နောက်ထပ် မြန်မာပြည်မဘက်က ခုနစ်ဦး၊ စုစုပေါင်း ၂၁ ဦးဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီမိန်းကလေးတွေကို တရုတ်နိုင်ငံကိုပို့ဖို့ သွားရောက်ချိန်မှာ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့က တားဆီးလိုက်နိုင်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လူကုန်ကူးမှုတားဆီးရေးဆောင်ရွက်နေသူတစ်ဦးက RFA ကိုပြောပါတယ်။
“လူပွဲစားတွေက ပြီးခဲ့တဲ့ဖေဖော်ဝါရီလက မိန်းကလေးတွေကို လိုက်ပြီးစည်းရုံးတာပေါ့။ တစ်ချို့ကို ရန်ကုန်မှာ အလုပ်ရမယ်ဆိုပြီးစည်းရုံးတယ်၊ တစ်ချို့ကိုလည်း တရုတ်နိုင်ငံမှာ အလုပ်ရမယ်ဆိုပြီးစည်းရုံးတယ်။ ရခိုင်က မိန်းကလေးတွေကိုတော့ ရန်ကုန်ကို လေယာဉ်နဲ့ ခေါ်လာတယ်။ ရန်ကုန်ကနေ တရုတ်နယ်စပ်ကို ဆက်သွားတဲ့အချိန် မန္တလေးမှာ ဖမ်းမိခဲ့ကြတာ”
ကယ်တင်လိုက်နိုင်တဲ့ မိန်းကလေးတွေကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာရှိတဲ့ ပြန်လည်ထူထောင်ရေး စခန်းမှာ ယာယီထိန်းသိမ်းထားတာဖြစ်ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီးရင် မိသားစုတွေထံ ပြန်လည်လွှဲအပ် သွားမယ်လို့လည်းဆိုပါတယ်။
လက်ရှိမှာတော့ ဒီလူကုန်ကူးမှာပါဝင်တဲ့ စစ်တွေမြို့က အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး အမှုကို ဆက်လက်စုံစမ်းနေတယ်လို့လည်း ပြောပါတယ်။
လူကုန်ကူးခံရသူတွေအထဲပါဝင်တဲ့ စစ်တွေမြို့က အသက် ၂၆ နှစ်အရွယ်မိန်းကလေးရဲ့ မိသားစုဝင်တစ်ဦးက မမျှော်လင့်ဘဲအခုလိုကြုံရတာကို စိတ်မကောင်းဖြစ်ရတယ်လို့ RFA ကိုပြောပါတယ်။
“သူ့မှာ လေးနှစ်အရွယ် သမီးလေးတစ်ယောက်ရှိတယ်။ ရန်ကုန်ကို အလုပ်လုပ်ဖို့သွားမယ်ဆိုပြီး သမီးကို သူ့အဖွားဆီအပ်ပြီး ရန်ကုန်ကိုထွက်သွားတာ။ အခုမှ လူကုန်တားအဖွဲ့တစ်ခုက ထိန်းသိမ်းလိုက်တယ်ဆိုတာ သိရတာ။ ရန်ကုန်က စက်ရုံတစ်ခုမှာ အလုပ်လုပ်ဖို့ဆိုပြီး မိသားစုကိုပြောသွားတာ၊ အခုလိုကြုံရတော့ အတော်စိတ်မကောင်းပါဘူး”
ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ တာဝန်ရှိသူတွေကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေကြားတာမရှိပါဘူး။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်း လူပေါင်း သုံးသန်းခွဲကျော် ရှိနေပြီး အခုနှစ်အတွင်း လူသားချင်းစာနာမှုအကူအညီလိုအပ်သူ သန်းနှစ်ဆယ်နီးပါး ရှိလာနိုင်တယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။
အခုလိုကြီးမားနေတဲ့အကျပ်အတည်းတွေက လူကုန်ကူးသူတွေရဲ့သားကောင်ဖြစ်လာနေတယ်လို့ လူကုန်ကူးမှု တားဆီးရေးဆောင်ရွက်နေသူက ဆက်ပြောပါတယ်။
“ဒေသတွင်းမှာ ပဋိပက္ခတွေကလည်း မပြီးဆုံးသေးဘူး။ အခု လူကုန်ကူးခံရတဲ့သူတွေထဲက တစ်ချို့အမျိုးသမီးတွေဆိုရင် ကလေးတွေတောင်ရှိကြတယ်။ သူတို့က အလုပ်အကိုင်အခွင့်အလမ်းကလည်းမရှိ၊ စားဝတ်နေရေးလည်းကျပ်တည်းလာတော့ ထွက်ပေါက်ရှာလာကြတယ်။ ဒီလိုနဲ့ လူကုန်ကူးဖို့ကြိုးစားသူတွေရဲ့ သားကောင်ဖြစ်သွားကြတာ”
ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးအစည်းအရုံး (KWAT) က ပြောရေးဆိုခွင့်ရှိသူ ဒေါ်ဆန်ထွယ်ကလည်း အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမျိုးသမီးတွေရဲ့အခြေအနေက ပိုပြီးဆိုးရွားလာနေတယ်လို့ RFA ကို ပြောပါတယ်။
“အရင်တုန်းကတော့ အစိုးရအနေနဲ့ ဘတ်ဂျက်အကုန်အကျခံပြီးတော့ ကယ်ဆယ်ရေးတွေလုပ်တယ်၊ ကူအညီပံ့ပိုးမှုတွေ တော်တော်လုပ်တယ်၊ အမြင်ဖွင့်သင်တန်းတွေလည်းလုပ်တယ်၊။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် နောက်ပိုင်းမှာတော့ ဘာမှမရှိတော့ဘူး။ ယန္တရားကတော့ရှိနေတယ်။ ဒါပေမဲ့ အဲဒါကို ထိထိရောက်ရောက် လုပ်တဲ့ လုပ်ငန်းစဉ်တွေ မရှိတော့ဘူး။ ဒါတွေက အာဏာကိုင်ထားတဲ့လူတွေက ဘာမှမလုပ်ဘူးဆိုတော့ အမျိုးသမီးတွေရဲ့ အခြေအနေက ပိုပြီးတော့ ဆိုးရွားလာနိုင်တယ်”
လူကုန်ကူးမှုတွေကို တိုက်ဖျက်ဖို့ တရုတ်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကပါ ပါဝင်ဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့လည်း သူကထောက်ပြပါတယ်။
ကချင်အမျိုးသမီးအစည်းအရုံး (KWAT) ရဲ့ ၂၀၂၄ ဒီဇင်ဘာ ၁၉ ရက်နေ့က ထုတ်ပြန်တဲ့ “Sold To China" လို့ အမည်ရတဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ ဇနီးမယားအဖြစ် တရုတ်နိုင်ငံကို လူကုန်ကူး ရောင်းစားခံရတာတွေ စိုးရိမ်စရာကောင်းလောက်အောင် ကျယ်ပြန့်လာနေတယ်လို့ ရေးသားထားပါတယ်။
KWAT အနေနဲ့ ၂၀၁၉ ကနေ ၂၀၂၃ အထိ အချိန်လေးနှစ်အတွင်း တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရတဲ့ အမျိုးသမီး ၁၈၇ ယောက်ကို ကူညီနိုင်ခဲ့တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။