မုံရွာ - ကလေးဝလမ်းပေါ်က (၅) မိုင်ဂိတ် မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက မုံရွာနဲ့ ကလေးဝ လမ်းမပေါ်မှာရှိတဲ့ မုံရွာအုပ်စုကုမ္ပဏီကနေ BOT စနစ်နဲ့ ဆောင်ရွက်နေတဲ့ (၅) မိုင်ဂိတ် ဩဂုတ်လ ၂၃ ရက် မနက် ၁ နာရီလောက်က မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုးဂိတ်အဆောက်အအုံအပြင် ရုံးခန်း၊ ရှင်းလင်းဆောင်နဲ့ ဝန်ထမ်းအိမ်ယာတွေပါ အားလုံးမီးလောင်သွားတာ လို့ ဒေသခံတွေက ပြောပါတယ်။
“မနေ့ညက တစ်နာရီလောက်မှာဖြစ်တာ၊ မုံရွာမြို့ ကလေးဝလမ်း ၅ မိုင်ဂိတ်ပေါ့၊ တိုးဂိတ် မီးရှို့ခံလိုက် ရတာ၊ ဘယ်သူတွေက ရှို့တာလဲတော့မသိဘူး” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကိုပြောပါတယ်။
ဒါ့အပြင် ၁၂ ဘီးကားတစ်စီးနဲ့ အိမ်စီးကား တစ်စီးအပြင် မြင်းကောင်ရေ (၂၀၀) အားရှိတဲ့ ကျောက်ခွဲစက် တစ်လုံးပါ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၄၅ နှစ်အရွယ် ဂိတ် မန်နေဂျာတစ်ယောက်လည်း နှိပ်စက်ခံရတဲ့ ဒဏ်ရာတွေနဲ့ မုံရွာပြည်သူ့ ဆေးရုံကြီးမှာ ဆေးကုသနေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မီးလောင်မှုဖြစ်ခဲ့တယ်ဆိုတာ မှန်ကန်ကြောင်းကို ဒေသခံရွာသားတွေက အတည်ပြုပေမယ့် ဘယ်အဖွဲ့က ရှို့တာလဲဆိုတော့ သေချာမသိရသေးသလို လူသေဆုံးမှု ရှိတယ်ဆိုတာကိုလည်း RFA က ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
အဆိုပါဂိတ်ဟာ လမ်းအသုံးပြုခ ကောက်ခံတဲ့ဂိတ်ဖြစ်ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ ဩဇာခံ စစ်သားနဲ့ ရဲတွေအပြင် စစ်ကောင်စီသတင်းပေး ပျူစောထီးအဖွဲ့နဲ့ ဒလံတွေက လာရောက် နေရာယူ ထားတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။