ဒေါ်ခင်ဝင်းအမှု ဖော်ထုတ်ပေးဖို့ မုံရွာမှာ တောင်းဆိုဆန္ဒပြ


2015.01.06
lpt-protest-monya-305 လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းကို ရပ်ဆိုင်းပေးဖို့ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ ဇန်နဝါရီလ ၆ ရက်နေ့ က ဒေသခံတွေ ဆန္ဒပြတောင်းဆိုစဉ်
Photo: Hset Paing Toe/ RFA

တောင်သူ ဒေါ်ခင်ဝင်းသေဆုံးမှုကို စုံစမ်းဖော်ထုတ် အရေးယူပေးဖို့နဲ့ လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းကို ရပ်ဆိုင်းပေးဖို့ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံ ၁ဝဝ လောက်က ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြရာမှာပါဝင်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း များအဖွဲ့ချုပ်က ဦးမြအေးက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ရပ်ဆိုင်းဖို့ လိုအပ်နေပြီဖြစ်တာကြောင့် အခုလိုတောင်းဆိုဆန္ဒပြ တာဖြစ်တယ်လို့  ပြောပါ တယ်။

"ဒေါ်ခင်ဝင်းသတ်တဲ့ တရားခံတွေရော၊ အမိန့်ပေးတဲ့လူတွေရော ဖော်ထုတ်ပေးဖို့၊ အရေးယူပေးဖို့ တောင်သူလယ်သမားတွေရဲ့ ရပိုင်ခွင့်ဖြစ်တဲ့ လယ်ယာမြေကဏ္ဍ၊ လယ်ယာမြေဥပဒေနဲ့အညီ မြေယာစစ်ဆေးရေးဥပဒေအညီ ဒါတွေလုပ်ပိုင်ခွင့်ပေးဖို့ရော၊ လိုချင်လို့ ကျနော်တို့က တောင်းဆိုပြီးတော့ ဆန္ဒထုတ်ဖော်ရတာပါ၊ ဒီလိုဆန္ဒထုတ်ဖော်လို့ မရသေးဘူးဆိုရင် ကျနော်တို့က ဆက်တိုက် ရတဲ့အထိ ကျနော်တို့က အသက်ပေးပြီးတော့ အားလုံးကဒီအတိုင်း ညီညီညွတ်ညွတ်နဲ့ ပြည်သူ့အားနဲ့ တောင်းဆိုဆန္ဒထုတ်ဖော် သွားမှာပါဗျ"

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီး လိပ်ခွံတောင်ခြေမှာ ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်ရာ လျော်ကြေးမယူထားတဲ့ တောင်သူတွေက တားမြစ်စဉ် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပဋိပက္ခဖြစ်ပွားပြီး မိုးကြိုးပြင်အလယ်ရွာက တောင်သူ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံး ခဲ့တာဖြစ်ပါတယ်။

ဒေါ်ခင်ဝင်သေဆုံးမှုနဲ့ ဒဏ်ရာရရှိသူတွေအတွက် တာဝန်ရှိသူတွေကို အရေးယူပေးဖို့ ဆားလင်းကြီး မြို့မရဲစခန်းမှာ မိသားစုဝင်တွေက အမှုဖွင့်ထားပါတယ်။

ဒါ့အပြင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအနီးက ဆည်တည်းရွာမှာ ဒေသခံတွေက သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။