"၉၆၉" ကို သာသနာညှိးနွမ်း စေနိုင်တဲ့ ကိစ္စတွေမှာ မသုံးဖို့ သံဃာတွေ သဘောတူ


2013.06.14
ashin-san-kain-da-305.jpg ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတိုက်မှာ ဇွန်လ ၁၃ ရက်နေ့ကစတင်ပြီး ၂ ရက်ကြာ ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြဝါဒခံယူပွဲနဲ့ အကြိုညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပမည်ဖြစ် ပါသည်။
photo: RFA/ Myo Zaw Ko

“ ၉၆၉ “  ဆိုတဲ့ အက္ခရာအမှတ်အသားဟာ ရတနာ ၃ ပါးကို အထူးပြုထားတဲ့  ငြိမ်းချမ်းရေး သင်္ကေတ ဖြစ်တဲ့အတွက်ကြောင့်  ဗုဒ္ဓသာသနာကို ညှိးနွမ်း စေနိုင်တဲ့ ကိစ္စတွေ လုပ်ရပ်တွေမှာ အသုံးမပြုကြဖို့ ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြဝါဒခံယူပွဲနဲ့ အကြိုညှိနှိုင်းဆွေးနွေးပွဲအပြီးမှာ သဘောတူ ထုတ်ပြန်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကို အကြမ်းမဖက်ဘဲ တရားဥပဒေအတိုင်း ငြိမ်းချမ်းစွာဖြေရှင်းဖို့အတွက် ရန်ကုန်တိုင်း မှော်ဘီမြို့နယ်ရှိ ဓမ္မဒူတ ဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတိုက် မှာ အဲဒီ ဆွေးနွေးပွဲကို ဇွန်လ ၁၃ရက် ကနေ ၁၄ရက်နေ့ အထိ ၂ရက်ကြာ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံတဝှန်းက ထင်ရှားတဲ့ သံဃာတော် အပါး ၂ဝဝ ကျော် တက်ရောက်ခဲ့ကြပါတယ်။  ဒီ သဘောတူညီချက်နဲ့ ပတ်သက်ပြီး  သီတဂူ ကမ္ဘာဗုဒ္ဓတက္ကသိုလ်က အရှင်ဒေဝိန္ဒာဘိဝံသ က မိန့်ကြားပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးကိုရှေ့ရှုပြီး သက်ဆိုင်ရာဘာသာအလိုက် ခိုင်မာတဲ့ဥပဒေတွေ ရေးဆွဲပြဌာန်းဖို့၊ ၁၉၈၂ နိုင်ငံသားဥပဒေကို တိတိကျကျလိုက်နာဆောင်ရွက်ဖို့၊ နိုင်ငံသားအချင်းချင်း အပြန်အလှန်လေးစားဖို့၊ ငြိမ်းချမ်းရေးကို ထိခိုက်စေမယ့် အပြောအဆို၊ အပြုအမှုတွေကို ရှောင်ကျဉ်ဖို့၊ ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေးပွဲတွေကနေ ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ဖို့စတဲ့ အချက်တွေပါတဲ့ ကြေညာချက်တစ်စောင်ကိုလည်း ဆွေးနွေးပွဲအပြီးမှာ သဘောတူထုတ်ပြန်ခဲ့ပါတယ်။

၂ ရက်ကြာကျင်းပခဲ့တဲ့ သံဃာဆွေးနွေးပွဲမှာ ပဋိပက္ခတွေကို ဗုဒ္ဓနည်းကျဖြေရှင်းရေး၊ ငြိမ်းချမ်းစွာနေထိုင်ရေးအတွက် ဥပဒေဆိုင်ရာကဏ္ဍ၊ နိုင်ငံသားအားလုံး ငြိမ်းချမ်းစွာ နေထိုင်ရေးကဏ္ဍ၊ ငြိမ်းချမ်းရေးကို ဦးတည်တဲ့ ပညာရပ်လေ့လာရေးကဏ္ဍစတဲ့ကဏ္ဍ ၇ ခုခွဲပြီး ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဆွေးနွေးပွဲကနေ သဘောတူထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တွေကို အစိုးရနဲ့ နိုင်ငံတော်သံဃာနာယကအဖွဲ့ကို ပေးပို့ဖို့မရှိဘူးလို့လည်း သိရပါတယ်။

အဲဒီဆွေးနွေးပွဲကို ဆရာတော် အရှင်ဆေကိန္ဒ၊ မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် အရှင်ဝီရသူအပါအဝင် မြန်မာနိုင်ငံနေရာအနှံ့က သံဃာအပါး ၂ဝဝ ကျော် တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။