သံဃာတွေ သပိတ်မှောက်ကံဆောင်တဲ့ မြို့နယ် ဆယ်မြို့နယ်အထိရှိလာ
2024.06.29

ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ပစ်သတ်ခံရမှုနဲ့ စစ်ကောင်စီကို စစ်ကိုင်းတိုင်း ဘုတလင်မြို့မှာရှိတဲ့ သံဃာတော်တွေက ဇွန်လ ၂၉ ရက်နေ့မှာ ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်မှု စတင်လိုက်ပြီး တစ်ပတ်အတွင်း ဒီသပိတ်မှောက်မှုမှာ ဆယ်မြို့နယ်က သံဃာတွေ ပါဝင်လာပါတယ်။
ဇွန်လ ၂၉ ရက်နေ့မှာစပြီး သံဃာအပါး ၃ဝ ကျော် ကံဆောင်သပိတ်မှောက်တယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဘုတလင်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဒီနေ့မှစတာပါ၊ တော်လှန်ရေးထိန်းချုပ်နယ်မြေမှာပါပဲ၊ ကျောင်းတိုက်အသီးသီးက သံဃာတော် အပါး ၃၀ ကျော် ကံဆောင်တယ်လို့သိရပါတယ်၊ ဘုတလင်မြို့နယ် သံဃာကွန်ရက်ဖွဲ့စည်းဖို့ တိုင်ပင်နေတာရှိတယ်လို့လည်းသိရပါတယ်"
သပိတ်မှောက်သံဃာတော်တွေနဲ့ RFA က ဆက်သွယ်ဖို့ကြိုးစားပေမဲ့ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းခက်ခဲတာကြောင့် လတ်တလော ဆက်သွယ်လို့မရသေးပါဘူး။
ပဲခူးတိုင်း ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ပစ်သတ်ခံရပြီး ငါးရက်မြောက်နေ့ဖြစ်တဲ့ ဇွန်လ ၂၃ ရက်နေ့မှာ ချောင်းဦးမြို့နယ်က သံဃာတော်တချို့က ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ကို စတင်ခဲ့တာ ဖြစ်ပါတယ်။
ဇွန်လ ၂၃ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ စစ်ကိုင်းတိုင်း ချောင်းဦး၊ ဒီပဲယင်း၊ ဆားလင်းကြီး၊ တန့်ဆည်၊ စစ်ကိုင်း၊ မုံရွာ၊ ဝက်လက်၊ ဘုတလင်နဲ့ မကွေးတိုင်းက မြိုင်နဲ့ ပခုက္ကူ စတဲ့ ဆယ်မြို့နယ်က သံဃာတော်တွေ ပူးပေါင်းလာကြတာပါ။
ပတ္တနိက္ကုဇ္ဇန ကံဆောင်နိုင်တဲ့ အချက်ရှစ်ချက်ရှိပြီး အဲဒီအထဲမှာ ဘုရား၊ တရား၊ သံဃာရဲ့ ဂုဏ်ကျေးဇူးကို ကဲ့ရဲ့ပြောဆိုတာ၊ သံဃာချင်း ဂိုဏ်းကွဲအောင်ပြုလုပ်တာ၊ သံဃာကိုဆဲဆိုတာ၊ အကျိုးမဲ့ဖြစ်အောင်လုပ်တာ၊ နေမြဲကျောင်းကန်မှာ မနေနိုင်အောင်လုပ်တာ၊ သံဃာတွေကို လာဘ်မရအောင်လုပ်တာ စတဲ့ အချက်တွေ ပါဝင်ပါတယ်။
ဒီရှစ်ချက်ထဲက တစ်ခုခုကို ကျူးလွန်တဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေဆီက ဘယ်အလှူ၀တ္ထုကိုမှ လက်မခံတော့ဘဲ တခြားသံဃာထုကိုလည်း ဒီသတင်းစကားပို့ထားတာကို သပိတ်မှောက်ကံဆောင်တာလို့ အခုလှုပ်ရှားမှုမှာ ပါဝင်တဲ့ သံဃာတော်တွေက ပြောပါတယ်။
ဒီကံဆောင်သပိတ်မှောက်မှုမှာ ဦးဆောင်ပါဝင်တဲ့ သံဃာတော်တွေကတော့ စစ်ကောင်စီကျူးလွန်နေတဲ့ ပြစ်မှုတွေကို အရေးယူနိုင်ဖို့ ပြည်တွင်း၊ ပြည်ပ သံဃာတော်တွေ ဒီလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။ သံဃာတော်တွေ ဒီလိုကံဆောင်သပိတ်မှောက်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။