သံဃာတွေ ထိုင်သပိတ်စတင်ဆင်နွဲှမည်
2012.12.06

ဒီတစ်ကြိမ်ပြုလုပ်မယ့် သံဃာ့သပိတ်ဟာ ပြီးခဲ့တဲ့သပိတ်တွေနဲ့မတူဘဲ၊ သံဃာတွေ တောင်းဆိုတဲ့အချက် ၅ ချက်ကို အစိုးရက ချက်ချင်းအကောင်အထည်ဖော်ပေးရမယ်လို့ တောင်းဆိုမှာဖြစ်ပါတယ်။
တကယ်လို့ အစိုးရက ပျက်ကွက်မယ်ဆိုရင် အဲဒီ သံဃာ့ထိုင်သပိတ်ကိုအရှိန်မြှင့်ပြီး ရက်ရှည်ပြုလုပ်ဖို့ရှိတယ်လို့ အဲဒီ့သပိတ်ရဲ့ ဦးဆောင်သံဃာတော်တစ်ပါးဖြစ်တဲ့ မန္တလေး၊ မဟာဂန္ဓာရုံကျောင်းတိုက် ဘဝအလင်းဆရာတော် ဦးသောဘိတက RFA ကို မိန့်ကြားပါတယ်။
မနက်ဖြန် ဒီဇင်ဘာလ ၆ ရက်နေ့မှာ စတင်မယ့်သံဃာ့သပိတ်ကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီး ၊စစ်ကိုင်း၊ ချောက်၊ ပခုက္ကူ၊ မိတ္ထီလာနဲ့ ဝါးခယ်မမြို့တွေမှာ ကျင်းပမှာလို့ဆိုပါတယ်။
မနက်ဖြန်ပြုလုပ်မယ့် သံဃာ့ထိုင်သပိတ်မှာ ကိုင်ဆွဲတောင်းဆိုမယ့် အချက်ငါးချက်အကြောင်းနဲ့ ပတ်သတ်ပြီး ဘဝအလင်းဆရာတော် ဦးသောဘိတက အခုလို မိန့်ကြားပါတယ်။
"အောက်ပါအချက် ၅ ချက်က (က) နိုင်ငံတော်အစိုးရနဲ့ အစိုးရအဖွဲ့က ထိခိုက်ဒဏ်ရာရသော သံဃာတော်များကို အမြန်ဆုံးလာရောက်ဝန်ချတောင်းပန်ရန် (ခ) အကြမ်းဖက်နှိမ်နင်းမှုတွင် တာဝန်ရှိသောသူများအား ထိရောက်စွာအရေးယူပေးရန် (ဂ) ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး ဖမ်းဆီးထားသူများကို ချက်ခြင်းပြန်လွှတ်ရန် (ဃ) ကြေးနီစီမံကိန်းကို ဒေသခံများနဲ့ပြည်သူများ လက်ခံနိုင်အောင်ဆောင်ရွက်ပေးရန် (င) ဒီမိုကရေစီအစိုးရစစ်စစ် ပေါ်ပေါက်လာဖို့နဲ့ နောက်နောင်တွင် အခုကဲ့သို့အကြမ်းဖက်မှု မပေါ်ပေါက်စေရန် လွှတ်တော်များနဲ့အစိုးရအဖွဲ့များတွင် ပါဝင်လျက်ရှိသော တပ်မတော်သားများ အမြန်ဆုံးနုတ်ထွက်ပေးရန်၊ အထက်မြန်မာပြည်သံဃာတော်များ"
နိုဝင်ဘာလ ၂၉ ရက်နေ့ မနက် ၃ နာရီဝန်းကျင်လောက်မှာ လက်ပန်းတောင်းတောင် သပိတ်စခန်းတွေကို လုံခြုံရေးတပ်တွေက အင်အားသုံး အကြမ်းဖက်ဖြိုခွဲခံရပြီးနောက် ကန့်ကွက်ရှုံ့ချဆန့်ကျင်ပွဲတွေဟာ မြန်မာနိုင်ငံဒေသအချို့မှာ တစ်ခုပြီးတစ်ခု ပေါ်ပေါက်နေခဲ့တာဖြစ်ပါတယ်။