သံဃာတော်တွေ သပိတ်မှောက်ကံဆောင်တဲ့ မြို့နယ် ၁၄ ခုအထိ ရှိလာ

RFA Burmese
2024.07.01
သံဃာတော်တွေ သပိတ်မှောက်ကံဆောင်တဲ့ မြို့နယ် ၁၄ ခုအထိ ရှိလာ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် မကွေးတိုင်း၊ ပေါက်မြို့နယ်မှ သံဃာတော်များ ကံဆောင်သပိတ် ပြုလုပ်ခဲ့ကြစဉ်။
Citizen Photo

ပဲခူးတိုင်း၊ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့အပေါ် သံဃာတော်တွေရဲ့ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်လှုပ်ရှားမှုမှာ ဇူလိုင်လ ၁ ရက်နေ့က မကွေးတိုင်း၊ ပေါက်မြို့နယ်က သံဃာတော်တွေ ပါဝင်လာတာကြောင့် ဒီလှုပ်ရှားမှုမှာ ပါဝင်လာတဲ့ မြို့နယ် ၁၄ ခုအထိ ရှိလာပါပြီ။

ပေါက်မြို့နယ်က သံဃာတော်တွေဟာ သပိတ်မှောက်ကံဆောင်တာ အပါအဝင် ဝန်းရံတဲ့ပြည်သူတွေနဲ့အတူ စီတန်းလှည့်လည်တာတွေကို မနေ့က ပြုလုပ်ခဲ့ကြပါတယ်။

ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ပစ်သတ်ခံရပြီး ငါးရက်မြောက်နေ့ဖြစ်တဲ့ ဇွန်လ ၂၃ ရက်နေ့မှာ ချောင်းဦးမြို့နယ်က သံဃာတော်တချို့က ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ကို စတင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ စစ်ကိုင်းတိုင်းက မြို့နယ် ၁၀ ခု၊ မကွေးတိုင်းက မြို့နယ် သုံးခုနဲ့ တနင်္သာရီတိုင်းက မြို့နယ်တစ်ခုတို့ ပါဝင်လာတာပါ။

ပတ္တနိက္ကုဇ္ဇန ကံဆောင်နိုင်တဲ့ အချက်ရှစ်ချက်ရှိပြီး အဲဒီအထဲမှာ ဘုရား၊ တရား၊ သံဃာရဲ့ ဂုဏ်ကျေးဇူးကို ကဲ့ရဲ့ပြောဆိုတာ၊ သံဃာချင်း ဂိုဏ်းကွဲအောင်ပြုလုပ်တာ၊ သံဃာကို ဆဲဆိုတာ၊ အကျိုးမဲ့ဖြစ်အောင်လုပ်တာ၊ နေမြဲကျောင်းကန်မှာ မနေနိုင်အောင်လုပ်တာ၊ သံဃာတွေကို လာဘ်မရအောင်လုပ်တာ စတဲ့ အချက်တွေ ပါဝင်ပါတယ်။

ဒီရှစ်ချက်ထဲက တစ်ခုခုကို ကျူးလွန်တဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေဆီက ဘယ်အလှူဝတ္ထုကိုမှ လက်မခံတော့ဘဲ တခြားသံဃာထုကိုလည်း ဒီသတင်းစကားပို့ထားတာကို သပိတ်မှောက်ကံဆောင်တာလို့ အခုလှုပ်ရှားမှုမှာ ပါဝင်တဲ့ သံဃာတော်တွေက ပြောပါတယ်။

သံဃာတော်တွေ ကံဆောင်သပိတ်မှောက်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာ မရှိသေးပါဘူး။

ဒီကံဆောင်သပိတ်မှောက်မှုမှာ ဦးဆောင်ပါဝင်တဲ့ သံဃာတော်တွေကတော့ စစ်ကောင်စီ ကျူးလွန်နေတဲ့ ပြစ်မှုတွေကို အရေးယူဆောင်ရွက်နိုင်ဖို့ ပြည်တွင်း၊ ပြည်ပ သံဃာတော်တွေ ဒီလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။