ဆန္ဒပြခဲ့တဲ့ မွန်လွှတ်တေ်ာ ဒုတိယဥက္ကဌ အထုတ်ခံရမယ် ဆိုတာ ကောလာဟလဖြစ်
2017.03.23

ဗိုလ်ချုပ်အောင်ဆန်း တံတားအမည်ပေးတာကို ကန့်ကွက်တဲ့ဆန္ဒထုတ်ဖော်ပွဲမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ မွန်ပြည်နယ် လွှတ်တော်ရဲ့ ဒုတိယဥက္ကဌ ဒေါက်တာ အောင်နိုင်ဦး ကို တာဝန်က ရုပ်သိမ်းဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာဟာ ကောလာဟလသာ ဖြစ်တယ်လို့ ကာယကံရှင် ကပြောပါတယ်။
အဲဒီလို အရေးယူမယ်လို့ မထင်ကြောင်းနဲ့ ထွက်ပေါ်နေတာတွေဟာ ကောလာဟလတွေ သာဖြစ်ကြောင်း ဒေါက်တာအောင်နိုင်ဦး က ပြောပါတယ်။
"အဲဒီအနေအထားထိတော့ ကျနော်တော့မထင်ပါဘူး၊ ဒီကိစ္စကလည်း ကောလာဟလ အပေါ်မှာ ဆိုတော့ ပြောလို့မကောင်းဘူးလေ"
NLD ပါတီဝင် တစ်ဦးဖြစ်တဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊စွမ်းအင်နှင့် စက်မှုလက်မှုဝန်ကြီး ဦးမင်းထင်အောင်ဟန် ကလည်း ဒီကိစ္စ မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။
မွန်ပြည်နယ် မော်လမြိုင်မြို့က ပြည်နယ်လွှတ်တော်ခန်းမမှာ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်နဲ့ ပြည်နယ် အတွင်းမှာရှိတဲ့ မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မနေ့က တွေ့ဆုံပွဲအပြီးမှာ မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဌကို တာဝန်ကရုပ်သိမ်းဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတချို့ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေမှာ ဖော်ပြချက်အရ ပြည်နယ်သို့မဟုတ် တိုင်းဒေသကြီး လွှတ်တော်ရဲ့ ဒုတိယဥက္ကဌတစ်ဦးကို တာဝန်ကရုပ်သိမ်းဖို့ အဆိုလွှာတင်သွင်းမယ်ဆိုရင် လွှတ်တော်အမတ် စုစုပေါင်းရဲ့ လေးပုံတစ်ပုံက လက်မှတ်ရေးထိုး ထောက်ခံရမှာဖြစ်ပါတယ်။
အဲဒီအဆိုကိုလည်း ပြည်နယ်လွှတ်တော် အမတ် စုစုပေါင်း သုံးပုံနှစ်ပုံက ထောက်ခံမဲပေးမှသာ တာဝန်မှရုပ်သိမ်းဖို့ အရေးယူ ဆောင်ရွက်ရန်ရှိတယ်လို့ လွှတ်တော်ဥက္ကဌက ကြေညာနိုင်မှာဖြစ် ပါတယ်။ အဲဒီနောက် စုံစမ်း စစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး ရုပ်သိမ်းဖို့ အဆိုတင်သွင်းခံရသူကို ချေပခွင့်ပေးတာ၊ ကြားနာတာတွေ ဆောင်ရွက်ရမှာဖြစ် ပါတယ်။
စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့တဲ့ အချိန်ကစပြီး တစ်လအတွင်းမှာ အစီရင်ခံစာကို သက်ဆိုင်ရာလွှတ်တော်သို့ ပြန်လည် တင်ပြရမှာဖြစ်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့က တာဝန်ကရုပ်သိမ်းဖို့အဆိုဟာ မှန်ကန်မှုမရှိဘူးလို့ တင်ပြလာရင် အဲဒီအဆိုကို ဆောင်ရွက်ဖို့ မရှိကြောင်း လွှတ်တော်ဥက္ကဌက ကြေညာရမှာဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးရေးအဖွဲ့က တာဝန်ရုပ်သိမ်းဖို့ အဆိုပြုချက်ဟာ မှန်ကန်တယ်လို့ တင်ပြလာရင်တော့ လွှတ်တော် ဥက္ကဌက လျှို့ဝှက်ဆန္ဒမဲပေးစေပြီး လွှတ်တော်အမတ် စုစုပေါင်းရဲ့ သုံးပုံနှစ်ပုံက ထောက်ခံတယ်ဆိုရင် ဒုတိယဥက္ကဌကို တာဝန်မှ ရုပ်သိမ်းကြောင်း ကြေညာရမှာဖြစ်ပါတယ်။