ရာဘာနဲ့ သစ်ပါးလွှာစက်ရုံတွေ EMP အစီရင်ခံစာ တင်ပြရမည်
2017.10.10

မွန်ပြည်နယ်မှာရှိတဲ့ ရာဘာစက်ရုံတွေနဲ့ သစ်ပါးလွှာစက်ရုံတွေအနေနဲ့ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ အစီရင်ခံစာကို ဒီလကုန်နောက်ဆုံးထားရေးဆွဲတင်ပြဖို့ ပြည်နယ်အစိုးရက ဒီနေ့ ညွှန်ကြားလိုက်ပါတယ်။
ရာဘာစက်ရုံတွေက ရေဆိုးစွန့်ပစ်တာတွေကို စနစ်တကျစွန့်ပစ်စေဖို့နဲ့ သစ်ပါးလွှာစက်ရုံတွေကလည်း သစ်မှုန့်တွေ အတိုအစတွေ စနစ်တကျ ဘယ်လိုသိမ်းဆည်းမယ်ဆိုတဲ့ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ အစီခံစာ တင်ပေးဖို့ ညွှန်ကြားတာလို့ မွန်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်း က ပြောပါတယ်။
စက်ရုံတွေလည်ပတ်ရာမှာ သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် ဘယ်လိုဆောင်ရွက်မလဲဆိုတဲ့ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာအစီရင်ခံစာ EMP ကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန သတ်မှတ်ချက်နဲ့အညီ တတ်သိပညာရှင်တွေနဲ့ရေးဆွဲနိုင်သလို ကိုယ်တိုင်လည်း ရေးဆွဲနိုင်တယ်လို့ ဒေါက်တာမင်းကြည်ဝင်း က ပြောပါတယ်။
ရာဘာစက်ရုံတွေ စွန့်ပစ်တဲ့ရေဆိုးတွေကြောင့် အစိုးရထံ တိုင်တန်းတာတွေရှိသလို လွှတ်တော်မှာလည်း ရာဘာစက်ရုံတွေကို လူတွေနဲ့ ဝေးရာကို ပြောင်းရွှေ့ပေးဖို့အဆို အောင်မြင်ထားတာကြောင့် အခုလို ညွှန်ကြားတာလို့လည်း ပြောပါတယ်။
အဲဒီစက်ရုံတွေအနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ညွှန်ကြားချက်တွေနဲ့အညီ မဆောင်ရွက်ပါက စက်ရုံပိတ်သိမ်းတဲ့အထိ အရေးယူသွားမယ်လို့ ဒေါက်တာမင်းကြည်ဝင်းက ပြောပါတယ်။
လက်ရှိမှာ ဘီးလင်းအရက်ချက်စက်ရုံနဲ့ ရေးမြိုနယ်မှာရှိတဲ့ ယမကာထည့်သွင်းတဲ့အလုပ်ရုံ ၂ခုကို သဘာဝပတ်ဝန်းကျင်ဆန်းစစ်ချက် လုပ်ဆောင်တာမရှိတာကြောင့်ဆိုပြီး ယာယီပိတ်သိမ်းထားတယ်လို့ သိရပါတယ်။
မွန်ပြည်နယ်မှာ ရာဘာစက်ရုံနဲ့ သစ်ပါးလွှာစက်ရုံ ၃၀ကျော်ရှိပြီး တော်တော်များများမှာ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာအစီရင်ခံစာ EMP မပြုလုပ်ရသေးဘူးလို့ သိရပါတယ်။