မွန်နဲ့ ရခိုင်မှာ အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်ကျင်းပ


2018.12.19
sittwe-cso-forum-622.jpg ရခိုင်ပြည်နယ် အရပ်ဘက်လူမှုအဖွဲ့အစည်းများ ဖိုရမ်ကို စစ်တွေမြို့မှာ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့က ကျင်းပစဉ်
Photo: Min Thein Aung/RFA

ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရပ်တန့်နေတာဟာ နိုင်ငံရေး ဆွေးနွေးမှု မူဘောင်ကြောင့်ဖြစ်ပြီး လက်ရှိရင်ဆိုင်နေရတဲ့ အကြပ်အတည်းတွေက ကျော်လွှားနိုင်ဖို့ မူဘောင်ပြင်ဆင်ရေး ဆွေးနွေးညှိနှိုင်းသင့်တယ်လို့ မွန်ပြည်နယ် အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်က ကြေညာချက် ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။

မော်လမြိုင်မြို့မှာ ဒီဇင်ဘာ ၁၇ ရက်နေ့က ဒီနေ့ ၁၉ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးဖိုရမ်ကို မွန်ပြည်နယ် ၁၀ မြို့က အရပ်ဘက် ကိုယ်စားလှယ် ၁၆၀ ကျော် တက်ရောက်ဆွေးနွေးခဲ့ပြီး အဲဒီလို တိုက်တွန်းလိုက် တာဖြစ်ပါတယ်။

လာမယ့် စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ ပြည်ထောင်စု သဘောတူညီချက်အဖြစ် အကြောင်းအရာ အလိုက် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ထည့်သွင်းဆွေးနွေးဖို့  မြေယာနဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ အကြံပြုချက် နှစ်စောင်ကို ဒီဖိုရမ်မှာ သဘောတူအတည်ပြုနိုင်ခဲ့ပါတယ်။

တဆက်တည်းမှာပဲ  ဒီဇင်ဘာလ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ၃ ရက်ကြာ ပြုလုပ်မယ့် ရခိုင်ပြည်နယ် အရပ်ဘက်လူမှုအဖွဲ့အစည်းများ ဖိုရမ်ကို စစ်တွေမြို့မှာ ဒီနေ့ စတင်ကျင်းပနေပါတယ်။

ဒီဖိုရမ်မှာ ရခိုင်ပြည်နယ်အတွင်းက မြို၊ ခမီ၊ မာရမာကြီး စတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင် ကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေးနေကြပါတယ်။

ဆွေးနွေးပွဲရလဒ်တွေကို ၂၁ ရာစုပင်လုံညီလာခံ အကြောင်းအရာအလိုက် နိုင်ငံရေးဆွေးနွေးပွဲမှာ တင်ပြသွားမယ်လို့ ဖိုရမ်ဖြစ်မြောက်ရေးကော်မတီက ကိုညိုမင်းခိုင်က ပြောပါတယ်။

ဒီနေ့မှာ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးခဲ့ကြသလို မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကိစ္စတွေကို နောက်ရက်တွေမှာ ဆက်လက်ဆွေးနွေးမယ်လို့ သိရပါတယ်။

လက်ရှိအချိန်အထိ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ လူမျိုးစုအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပခွင့် မရသေးပါဘူး။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင်နဲ့ ကိုကျော်လွင်ဦးတို့ ပေးပို့လိုက်တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။