ဆွေးနွေးခွင့်ကို မူဘောင်သတ်မှတ်ခြင်း မပြုဖို့ CSO တွေ တောင်းဆို
2016.07.08

၂၁ ရာစုပင်လုံညီလာခံကိုအကြံပြုမယ့် CSO အရပ်ဘက်လူမူအဖွဲ့အစည်းတွေက တိုင်းနဲ့ပြည်နယ်က ဖိုရမ်တွေမှာ သူတို့ဆွေးနွေးမယ့်အကြောင်းအရာတွေကို အစိုးရအနေနဲ့ ဘောင်ခတ်သတ်မှတ်ခြင်း မပြုလုပ်ဖို့ ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
အရပ်ဘက်လူမူအဖွဲ့အစည်း ဖိုရမ်ကျင်းပရေး ပြင်ဆင်နေမူအခြအနေတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ Orchid Hotel ဟိုတယ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကျင်းပရေးကော်မတီအဖွဲ့ဝင် မဖွေးယုမွန်က အခုလို ပြောတာဖြစ်ပါတယ်။
"ထွက်ပေါ်လာတဲ့အသံတွေ အကြံပြုချက်တွေ၊ မူဝါဒတွေ၊ အဆိုပြုချက်တွေကို ကျမတို့ ၂၁ ရာစု ပင်လုံညီလာခံမှာ တကယ်ကိုအဓိကထားပြီး ဆွေးနွေးသွားဖို့ လိုအပ်တယ်ပေါ့နော်၊ ကျမတို့ ဒီ CSO ကိုယ်စားလှယ်တွေလည်း တက်ရောက်ပြီးတော့မှ ဆွေးနွေးပြီးတော့ ဆွေးနွေးတင်ပြချက်တွေ လုပ်ဆောင်နိုင်ဖို့ပါ"
ပြည်နယ်နဲ့ တိုင်းတွေမှာ အရပ်ဘက်လူမူအဖွဲ့အစည်း ဖိုရမ်တွေကျင်းပတဲ့အခါ ပြည်သူတွေ လွပ်လပ်စွာပြောဆိုခွင့်ကို ကန့်သတ်ထိန်းချုပ်မူတွေမလုပ်ဖို့၊ အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ အပစ်ရပ် စာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ကို တင်ပြခဲ့တယ်လို့ ပြောပါတယ်။
၂၁ ရာစု ပင်လုံညီလာခံမှာ ဆွေးနွေးဖို့အတွက် နိုင်ငံရေး၊ အမျိုးသားလုံခြုံရေး၊ စီးပွားရေး၊ လူမူရေး၊ မြေယာနဲ့ သံယံဇာတကဏ္ဍဆိုပြီး ကဏ္ဍကြီး ငါးရပ် ချမှတ်ထားပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ အဲ့ဒီကဏ္ဍ ၅ ရပ်ထဲက နိုင်ငံရေးနဲ့ အမျိုးသားလုံခြုံရေးကို ဆွေးနွေးခွင့်မရှိပဲ၊ ကျန်တဲ့ စီးပွားရေး၊ လူမူရေး၊ မြေယာနဲ့ သံယံဇာတ ကဏ္ဍတွေကိုပဲ ဆွေးနွေးဖို့ ကန့်သတ်ထားတာဟာ ဘောင်ကျဉ်းလွန်းတယ်လို့လည်း ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
CSO အရပ်ဘက်လူမူအဖွဲ့အစည်းတွေရဲ့ ဖိုရမ်ဖြစ်မြောက်ရေး လုပ်ငန်းလမ်းညွှန်ချက်တွေကို တင်ပြနိုင်ဖို့ လူမူအဖွဲ့ကွန်ရက် ၂ဝ ကျော်နဲ့ အဖွဲ့အစည်း ၄ဝ ကျော်တို့ ညှိုနှိုင်းတိုင်ပင်ရေးဆွဲခဲ့တယ်လို့ သိရပါတယ်။