မိုးညှင်းမှာ သတင်းထောက်တစ်ဦး ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေ

RFA Burmese
2023.10.23
မိုးညှင်းမှာ သတင်းထောက်တစ်ဦး ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေ မိုးညှင်းမြို့နယ်မှ ပျောက်ဆုံးနေသည့် EPN သတင်းထောက် ဦးခင်မောင်ဦးအားတွေ့ရစဉ်။
Citizen Journalist

ကချင်ပြည်နယ်၊ မိုးညှင်းမြို့က သတင်းထောက်တစ်ဦး အောက်တိုဘာ ၁၄ ရက်နေ့ကတည်းက ဘယ်အဖွဲ့က ဖမ်းဆီးသွားတယ်ဆိုတာ မသိရဘဲ အောက်တိုဘာ ၂၃ ရက် ဒီနေ့အထိ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပျောက်ဆုံးနေသူဟာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကနေ ခွဲထွက်ပြီး စစ်တပ်နဲ့ ငြိမ်းချမ်းရေးယူထားတဲ့ ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDAK) က ဦးစီးဖွင့်လှစ်ထားတဲ့ ထာဝရ ငြိမ်းချမ်းရေး သတင်းကွန်ရက် (Eternally Peace News Network – EPN) က အသက် ၆၀ အရွယ် သတင်းထောက် ဦးခင်မောင်ဦးဖြစ်ပါတယ်။

သူဟာ အောက်တိုဘာ ၁၄ ရက် ညနေပိုင်းက မြစ်ကြီးနားမှာ အပြင်ထွက်လမ်းလျှောက်ရင်း ဒီနေ့အထိ နေအိမ်ကို ပြန်မရောက်တော့ဘဲ ပျောက်ဆုံးနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိုးညှင်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“သူက EPN မှာ သတင်းရေးတာပေါ့။ စာရေးဆရာ အသင်းကလိုလိုနဲ့ စစ်ကောင်စီနဲ့ပေါင်းပြီး သတင်းတွေ ရေးတဲ့သူပေါ့။ သူက ညတိုင်းလိုလို လမ်းလျှောက်တာ၊ လမ်းလျှောက်တဲ့အချိန် ဖမ်းဆီးခံလိုက်ရတာပေါ့။ အခုက သတ်လိုက်ပြီလို့လည်း သတင်းတွေ ကြားနေရတယ်”

ဖမ်းဆီးခံရပြီး နှစ်ရက်အကြာ အောက်တိုဘာ ၁၆ ရက်နေ့မှာ အသတ်ခံထားရတဲ့ ဦးခင်မောင်ဦးရဲ့ ရုပ်အလောင်းကို တွေ့ရတယ်လို့ ဒေသခံတချို့က ပြောပေမယ့် အတည်ပြုလို့ မရသေးဘူးလို့ နောက်ထပ် မိုးညှင်းမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“၁၄ ရက်နေ့ ဖမ်းဆီးခံလိုက်ရပြီး ၁၆ ရက်နေ့ အလောင်း တွေ့တယ်လို့ သိရတယ်၊ ဒါပေမဲ့ ပရဟိတအသင်းတွေကို မေးကြည့်တာက သေချာတော့ မပြောကြဘူး။ ဘယ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်သလဲတော့ သေချာမသိဘူး။ အခုထိတော့ ပျောက်ဆုံးနေဆဲပဲ၊ အလောင်းတွေ့ပြီဆိုတာလည်း သေချာအတည်ပြုလို့ မရသေးဘူး”

ဦးခင်မောင်ဦးဟာ KIA နဲ့ PDF တွေရဲ့ ဖမ်းဆီးခံလိုက်ရတာလို့ ဒေသခံတချို့က ပြောတာကြောင့် မိုးညှင်းမြို့နယ် PDF အဖွဲ့တာဝန်ရှိသူတစ်ဦးကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ ဦးခင်မောင်ဦး ဖမ်းဆီးသတ်ဖြတ်ခံရကြောင်း ကြားရပေမယ့် သူတို့လက်ချက် မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။

မိုးညှင်း တော်လှန်ရေး အင်အားစုအဖွဲ့ရဲ့ ဖေ့စ်ဘွတ်လူမှုကွန်ရက်မှာတော့ စစ်ကောင်စီ သတင်းပေးတစ်ဦးကို ရှင်းလင်းခဲ့ကြောင်း ဦးခင်မောင်ဦး အဖမ်းခံရပြီး နောက်တစ်ရက် အောက်တိုဘာ ၁၅ ရက်နေ့မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ သူတို့အဖွဲ့ ရှင်းလင်းခဲ့တာဟာ ဘယ်သူလဲဆိုတာကို မိုးညှင်းတော်လှန်ရေး အင်အားစုက အတိအကျ ပြောမထားပါဘူး။

ဒီကိစ္စအတည်ပြုနိုင်ဖို့ မြစ်ကြီးနားအခြေစိုက် EPN သတင်းဌာနကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းကိုင်တဲ့သူ မရှိပါဘူး။ ပျောက်ဆုံးနေတဲ့ ဦးခင်မောင်ဦးရဲ့ မိသားစုကို RFA က ကြိုးစားဆက်သွယ်နေဆဲဖြစ်ပါတယ်။

ဒီကိစ္စအသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရ ဦးဝင်းရဲထွန်းကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ဒေသခံတွေကတော့ မိုးညှင်းမြို့က အလွတ်သတင်းထောက်ဟောင်းနဲ့ ဓာတ်ပုံတိုက်ပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဦးသန်းထွန်းအောင်ကိုလည်း စစ်ကောင်စီ သတင်းပေးဆိုပြီး မိုးညှင်း တော်လှန်ရေး အင်အားစုအဖွဲ့က အခုနှစ် စက်တင်ဘာ ၄ ရက်နေ့မှာ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။