ဗန်းမော်မှာ စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ကလေးတစ်ဦးအပါအဝင် ခုနစ်ဦး ဒဏ်ရာရ
2024.12.24

ကချင်ပြည်နယ် ဗန်းမော်မြို့က သာစည်ရပ်ကွက်ထဲကို ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာကြောင့် ၁ဝ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် စစ်ဘေးဒုက္ခသည် ခုနစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။
သာစည်ရပ်ကွက်၊ သိမ်တော်ကြီးကျောင်းဝန်းထဲကို နေ့လယ် ၁ နာရီဝန်းကျင်မှာ လက်နက်ကြီး တစ်ကြိမ်၊ ညနေ ငါးနာရီမှာ တစ်ကြိမ် ကျရောက်ပေါက်ကွဲခဲ့တာလို့ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။
လက်ရှိ ဗန်းမော်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကြား တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဒဏ်ရာရသူတွေကို ဆေးကုသဖို့အတွက် ဒီဇင်ဘာလ ၂၅ ရက်နေ့မှ မန္တလေးကို ပို့ဆောင်မယ်လို့ ဆိုပါတယ်။
“လက်ရှိ ဒဏ်ရာရတဲ့သူတွေလည်း အဲ့ဒီဘုန်းကြီးကျောင်းဝန်းအတွင်းမှာပဲ ရှိနေသေးတယ်။ မနက်ကျမှ သူတို့ မော်တော်စက်လှေနဲ့ စင်းခန်းဆိုတဲ့ ရွာအထိ ထွက်လာမှာပေါ့။ မနက်ဖြန်ကျရင် စင်းခန်းရွာအထိ တက်ရွှေ့ပေးပါမယ်ဗျ။ လက်ရှိအချိန်ထိ ဒဏ်ရာရတဲ့သူ ခုနစ်ယောက်လုံးက အဲ့ဒီဘုန်းကြီးကျောင်းမှာပဲ ရှိနေတုန်း။ သူတို့ ဒဏ်ရာအခြေအနေက အသေးစိတ်တော့ မသိရသေးဘူး။ ဒါပေမဲ့ လမ်းမလျှောက်နိုင်တဲ့သူတွေလည်း ပါတယ်လို့ ပြောပါတယ်”
ပေါက်ကွဲမှုကြောင့် အသက် ၁၀ နှစ်အရွယ် ကလေးတစ်ယောက်နဲ့ အမျိုးသား နှစ်ယောက်၊ အမျိုးသမီး ငါးယောက် ဒဏ်ရာရခဲ့တာလို့လည်း ပြောပါတယ်။
လက်ရှိအချိန်အထိ ဗန်းမော်မြို့တွင်း စစ်ရေးတင်းမာနေတာကြောင့် ဘုန်းကြီးကျောင်းဝန်းထဲမှာ ပိတ်မိနေတဲ့ စစ်ဘေးဒုက္ခသည်အရေအတွက်နဲ့ ဘယ်မြို့နယ်တွေကနေ တိမ်းရှောင်လာသူတွေလဲဆိုတာကို မသိရသေးဘူးလို့လည်း ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းနဲ့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။