အတိုင်ကြားခံရမှုတွေမှာ ပြည် ထဲရေးနဲ့ ကာကွယ်ရေးဝန်ကြီးဌာန အများဆုံးဖြစ်
2017.07.23

လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော် မရှင်ထံ ပေးပို့တိုင်ကြားထားတဲ့ တိုင်ကြား စာတွေထဲမှာ အစိုးရ၊ ဝန်ကြီးဌာနတွေနဲ့ ပတ်သက်တဲ့ တိုင်ကြားမှု ၁၉၀ နီးပါးရှိတယ်လို့ ကော်မရှင်က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားခဲ့တဲ့ အမှုပေါင်း ၆၀၀ ကျော်ရှိပြီး အဲဒီအထဲက အမှုပေါင်း ၁၈၀ ကျော်ဟာ ဝန်ကြီးဌာနတွေနဲ့ပတ်သက်တဲ့ တိုင်ကြားစာတွေဖြစ်ပါတယ်။ လူ့အခွင့်အရေးကော်မရှင်ကို တိုင်ကြားတဲ့ တိုင်ကြားစာတွေထဲမှာ ပြည်ထဲရေး နဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို တိုင်ကြားမှုအများဆုံးဖြစ်တယ်လို့ လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောပါတယ်။
"အဓိကကတော့ ရဲတွေလုပ်တာမဟုတ်ဘူး၊ အဲဒီလိုမျိုးတွေပေါ့။ ရဲသပ်သပ် ၅၀ လောက်ပါတယ်။ ဝန်ကြီးဌာနတွေကို ဦးတည်ပြီးတိုင်တာက ၁၈၇ ခု။ အများဆုံးအတိုင်ခံရတာက ပြည်ထဲရေးတို့၊ ကာကွယ်ရေးတို့ပေါ့ကွယ်"
ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်က အကျဉ်းထောင်၊ ကျေးရွာအုပ်ချုပ်ရေးမှူး စတာတွေနဲ့ ပတ်သက်တဲ့ တိုင်ကြားမှုတွေ ရှိတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် အတွင်း အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ ပေးပို့တိုင်ကြားလာတဲ့ တိုင်ကြားစာပေါင်း ၆၁၁ စောင်ရှိတာဖြစ်ပြီး အဲဒီ တိုင်ကြားစာတွေထဲမှာ ရန်ကုန်၊ မန္တလေးနဲ့ ပဲခူးစတဲ့ တိုင်းနဲ့ ပြည်နယ် အစိုးရအဖွဲ့တွေကို တိုင်ကြားတဲ့ တိုင်ကြားစာတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
အစိုးရအဖွဲ့အစည်းတွေ၊ ဝန်ကြီးဌာနတွေကို တိုင်ကြားတဲ့ တိုင်ကြားစာတွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးကော် မရှင်က သက်ဆိုင်ရာဌာနတွေကို စာပေးပို့မေးမြန်းရာမှာ ပြည်ထောင်စု ဝန်ကြီးဌာန ၈ ခုနဲ့ ပြည်နယ်နဲ့ တိုင်းဒေသ ကြီး အစိုးရ ၉ ခုတို့က အကြောင်း ပြန်ကြားမှု မလုပ်ခဲ့ဘူးလို့ သိရပါတယ်။
အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ ၂၀၁၆ ခုနှစ် အစီရင်ခံစာကို လက်ရှိအချိန်မှာ ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းထားပြီး လာမယ့် ဇူလိုင်လ ၂၆ ရက်နေ့မှာ လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးပြီး အတည်ပြုမှာ ဖြစ်ပါတယ်။