လူ့အခွင့်အရေးကော်မရှင် ၂ဝ၁၈ အစီရင်ခံစာရှင်းလင်း
2019.07.26

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ ၂၀၁၈ ခုနှစ်၊ နှစ်ပတ်လည်အစီရင်ခံစာနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေက ဝေဖန်အကြံပြုချက်တွေအပေါ် ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ လာရောက်ရှင်းလင်းခဲ့ပါတယ်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှာ ရွာသား ၂၇၅ ယောက်ကို တပ်မတော်က ခေတ္တထိန်းသိမ်းထားရာမှာ ဒီနှစ် မေလ ၂ ရက်နေ့ မနက်ပိုင်းမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရွာသား ခြောက်ယောက် သေဆုံးပြီး ရှစ်ယောက် ဒဏ်ရာရခဲ့တာနဲ့ပတ်သက်ပြီး အဲဒီဒေသကို သွားရောက်ပြီး သတင်းထုတ်ပြန်ခဲ့ပြီးလည်းဖြစ်တယ်လို့ ဦးဝင်းမြက ပြောပါတယ်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က အဲဒီကိစ္စဖြစ်ပွားခဲ့တဲ့ ကျောက်တန်းရွာကို မေ ၂၈ ကနေ ၃၀ ရက်ထိ သုံးရက်ကြာ ကွင်းဆင်းစုံစမ်းစစ်ဆေးခဲ့ပြီး သေဆုံးသူတွေရဲ့ မိသားစုဝင်တွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။ AA အဖွဲ့ဝင်တွေ ရွာသားတွေနဲ့ ရောနှောနေတာကို စိစစ်ဖော်ထုတ်ဖို့ တပ်မတော်က ဆောင်ရွက်ရာကနေ အဲဒီပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရွာသားတချို့အပေါ် သံသယရှိသလို ပစ်ခတ်မှုကြောင့် ရွာသားတွေဘက်ကလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပေါ် စိုးရိမ်ကြောက်ရွံ့မှုတွေ ဖြစ်ပေါ်နေတာကို တွေ့ရှိရကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
(RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့သည်)