တပ်မတော်ကို ICJ အရေးယူရန် ကြိုးပမ်းမှု မြောက်ပိုင်းသုံးဖွဲ့ ထောက်ခံ
2019.11.28
ကိုးကန့်တပ်မတော် MNDAA၊ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ရခိုင့်တပ်မတော် AA တို့က မြန်မာ့တပ်မတော်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုအပေါ် ICJ အပြည်ပြည်ဆိုင်ရာတရားရုံးနဲ့ တခြားတရားရုံးတွေက အရေးယူရန် ကြိုးပမ်းလုပ်ဆောင်ချက်တွေကို ထောက်ခံကြောင်း နိုဝင်္ဘာလ ၂၈ ရက် မနေ့က ကြေညာလိုက်ပါတယ်။
အဲဒီကြေညာချက်မှာ ရခိုင်ပြည်နယ်က ဘင်္ဂါလီလူမျိုးတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ စပ်လျဉ်းပြီး ICJ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးနဲ့ အာဂျင်တီးနား တရားရုံးတွေကနေ တာဝန်ရှိသူတွေကို အပြစ်ပေးအရေးယူနိုင်မယ်လို့ မိမိတို့အဖွဲ့ သုံးဖွဲ့က မျှော်လင့်ကြောင်း၊ မြန်မာ့တပ်မတော်ဟာ အနှစ် ၇ဝ ကျော် ပြည်တွင်းစစ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဖြစ်ပွားတဲ့ဒေသတွေမှာ ဂျနီဗာသဘောတူညီချက်ကို ဆန့်ကျင်ချိုးဖေါက်ပြီး တိုင်းရင်းသားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ ဖျက်ဆီးလုယက်မှုတွေကို ကျူးလွန်ခဲ့ကြောင်း ဖေါ်ပြထားပါတယ်။
ဒါ့အပြင် ကိုးကန့်၊ တအာင်းနဲ့ ရခိုင်ဒေသတွေမှာ ကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ ရာဇဝတ်မှုတွေကို အပြစ်ပေးရန် ကြိုးပမ်းမယ့်သူတွေနဲ့ အဖွဲ့အစည်းတွေကို မြောက်ပိုင်းမဟာမိတ်အဖွဲ့ သုံးဖွဲ့က သူတို့ လက်ဝယ်ရှိ သက်သေအချက်အလက်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိတယ်လို့လည်း ဖေါ်ပြထားပါတယ်။
ဗြိတိန်အခြေစိုက် ရိုဟင်ဂျာ လွတ်မြောက်ရေးအဖွဲ့ ဦးဆောင်သူတဦးဖြစ်တဲ့ ကိုနေဆန်းလွင်က မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေရဲ့ အခုလို ထုတ်ပြန်ချက်ကို ကြိုဆိုပါတယ်။ ဒါပေမဲ့ သူတို့ ရိုဟင်ဂျာတွေကို ဘင်္ဂါလီလူမျိုး လို့ ခေါ်ဝေါ်သုံးစွဲတာကိုတော့ လက်မခံနိုင်ဘူးလို့ RFA ကို ပြောပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုစွမ်းကတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ ကြေညာချက်ဟာ လက်ရှိ ဒီမိုကရေစီအစိုးရ လုပ်ဆောင်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တစ်စုံတစ်ရာ အထောက်အကူဖြစ်စေမှာ မဟုတ်ပါဘူး။ ဒါဟာ အကျိုးမဲ့လုပ်ရပ်ပါပဲလို့ ဝေဖန်လိုက်ပါတယ်။
အခုလို မြောက်ပိုင်း မဟာမိတ်အဖွဲ့ သုံးဖွဲ့ရဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး မြန်မာ့တပ်မတော်ရဲ့ သဘောထားကို လတ်တလော မသိရသေးပါဘူး။