ရုပ်သံလိုင်းများကို ဆင်ဆာစနစ်ဖြင့် စစ်ကောင်စီထိန်းချုပ်

2022.09.29
ရုပ်သံလိုင်းများကို ဆင်ဆာစနစ်ဖြင့် စစ်ကောင်စီထိန်းချုပ် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ရုပ်သံထုတ်လွှင့်လျက်ရှိသည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးကြစဉ်။
Photo: MRTV

ပြည်တွင်းမှာ ထုတ်လွှင့်မယ့် ရုပ်ရှင်ဇာတ်ကား၊ ဇာတ်လမ်းတွဲနဲ့ နိုင်ငံခြားဇာတ်ကား၊ ဇာတ်လမ်းတွဲတွေကို စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ဆင်ဆာခွင့်ပြုချက် ရရှိမှ ထုတ်လွှင့်ခွင့်ရရှိတော့မှာ ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြန်ကြားရေး ဝန်ကြီးဌာနက အရာရှိတစ်ဦးက RFA ကို စက်တင်ဘာ ၂၉ ရက် ဒီနေ့ ပြောပါတယ်။

“ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ရန်ကုန်မှာ ဒုဝန်ကြီး ဦးရဲတင့် ဦးဆောင်ပြီးတော့ ညှိနှိုင်း အစည်းအဝေးတစ်ခု လုပ်ခဲ့တာရှိတယ်။ အဓိကကတော့ အခုပြနေတဲ့ ဇာတ်လမ်းတွေကို မပြမီ သေချာစိစစ်ဖို့ပါ။ ရုပ်သံလွှင့်ဌာနရယ် ပြန်ကြားရေးရယ် ဆင်ဆာအဖွဲ့တွေ ပူးပေါင်း ဆောင်ရွက်ကြဖို့ ပြောခဲ့တာရှိတယ်။ အရင်က စာပေစိစစ်ရေး လုပ်သလိုပဲ အခု ဗီဒီယို ဆင်ဆာ ပြန်လုပ်တော့မှာပါ”

ဇာတ်လမ်းတွေအားလုံး ဗီဒီယိုဆင်ဆာ စိစစ်ခွင့်ပြုချက် ရယူပြီးမှ ပြသရေး ညှိနှိုင်း အစည်းအဝေးတစ်ခုကို စက်တင်ဘာ ၂၆ ရက်နေ့က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုပ်ရှင် မြှင့်တင်ရေး ဌာနခွဲမှာ ကျင်းပခဲ့တာပါ။

မြန်မာအသံနဲ့ ရုပ်မြင်သံကြားနဲ့ ဆက်စပ်ပြီး ရုပ်မြင်သံကြား ထုတ်လွှင့်ဝန်ဆောင်မှု ပေးနေတဲ့ ကုမ္ပဏီတွေနဲ့ Content Provider တွေအနေနဲ့ ပြည်တွင်းရုပ်ရှင် ဇာတ်ကား၊ ဇာတ်လမ်းတွဲ၊ နိုင်ငံခြား ဇာတ်ကား၊ ဇာတ်လမ်းတွဲတွေ အကုန်လုံး ခွင့်ပြုချက် လိုအပ်တော့မှာ ဖြစ်တယ်လို့ အဲဒီကုမ္ပဏီတွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“အခုလို လုပ်တော့မှာတော့ ဟုတ်တယ်။ ကျနော်တို့ ကုမ္ပဏီတွေဆီကိုတော့ တိတိကျကျ ညွှန်ကြားချက်တွေ ဘာတွေ မလာသေးဘူး။ ဒါတွေကို မလုပ်ရဘူး။ ဒါတွေကို ပိတ်တယ်ဆိုတဲ့ ညွှန်ကြားစာ မရသေးဘူး။ ရဲကို လူဆိုး မလုပ်ရဘူးတို့၊ တပ်မတော်ခေါင်းဆောင်ကြီးကို ဟာသနေရာမှာ မထားရဘူးတို့ ဒီလိုမျိုးတွေတော့ မလာသေးဘူး”

လက်ရှိ ပြသဆဲ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေ၊ ဇာတ်လမ်းတိုတွေကိုလည်း မပြသမီ သေချာစိစစ်ပြီး နိုင်ငံရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ အမျိုးသား စည်းလုံးညီညွတ်မှုကို ထိခိုက်စေတဲ့ အပြောအဆို၊ စာသားများ၊ ကာမရာဂကို နှိုးဆွတဲ့ အကြောင်းအရာတွေ မပါရှိစေအောင် ဆောင်ရွက်ဖို့ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲတင့်က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ စက်တင်ဘာလ ၂၈ ရက်နေ့ထုတ် စစ်ကောင်စီထိန်းချုပ်တဲ့ နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲတင့်ကို RFA ကဆက်သွယ်ရာမှာတော့ အစည်းအဝေးခန်းထဲ ရောက်နေလို့ မဖြေနိုင်သေးဘူးလို့ ငြင်းဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ပါဝင်တဲ့ ရုပ်သံဇာတ်လမ်းတစ်ခုကိုလည်း စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ စစ်ကောင်စီ လက်အောက်ခံ ရုပ်သံလိုင်းဖြစ်တဲ့ MRTV မှာ ထုတ်လွှင့်ပြသခဲ့ဖူးတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။