အိန္ဒိယနိုင်ငံမှာ မိုးများတာနဲ့ မြေပြိုတာကြောင့် လူသုံးဆယ်ကျော် သေဆုံး

RFA Burmese
2024.05.28
အိန္ဒိယနိုင်ငံမှာ မိုးများတာနဲ့ မြေပြိုတာကြောင့် လူသုံးဆယ်ကျော် သေဆုံး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ဆိုင်ကလုံးမုန်တိုင်း Remal အပြီး မိုးသည်ထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုကျပြီး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည်ကို ၂၀၂၄ ခုနှစ် မေလ ၂၈ ရက်နေ့က တွေ့ရစဉ်။
PTI

မြန်မာနိုင်ငံနဲ့ နယ်မြေထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ ဆိုင်ကလုံးမုန်တိုင်း Remal ကြောင့် မိုးရွာသွန်းတာနဲ့ မြေပြိုတာတွေကြောင့် အရပ်သား သုံးဆယ်ကျော်သေဆုံးခဲ့တယ်လို့ ဒေသအခြေစိုက် သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

မုန်တိုင်းအရှိန်ကြောင့် မေလ ၂၇ ရက်နဲ့ ၂၈ ရက်နေ့တွေမှာ မိုးအဆက်မပြတ်ရွာသွန်းတာနဲ့ မြေပြိုတာတွေကြောင့် သေဆုံးသူ ၂၇ ဦးရှိပြီး အပျက်အစီးတွေအောက်မှာ နစ်မြုပ်ပျောက်ဆုံးနေသူတွေလည်းရှိတာကြောင့် သေဆုံးသူ သုံးဆယ်ကျော်နိုင်တယ်လို့ ပြည်နယ်တာဝန်ရှိသူတွေက ပြောကြောင်းလည်း The Heindu သတင်းမှာ မေ ၂၈ ရက်နေ့က ဖော်ပြထားပါတယ်။

တစ်နာရီကို ကီလိုမီတာ ၆၀ နှုန်းနဲ့ လေပြင်းတွေတိုက်ခတ်ပြီး မိုးရွာသွန်းတာကြောင့် သစ်ပင်တွေနဲ့ ဓာတ်တိုင်တွေ ကျိုးပဲ့တာ၊ မြေပြိုတာ၊ လျှပ်စစ်မီးနဲ့ အင်တာနက်တွေ ပြတ်တောက်ခဲ့တယ်လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအရာရှိတွေက ပြောတယ်လို့လည်း ရေးသားထားပါတယ်။

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် လာဒူဟိုးမား (Lalduhoma) ကတော့ သဘာဝဘေးအန္တရာယ်အတွက် ကူညီဖို့ ရူပီးငွေ ၁၅ ကုဋေလျားထားပြီး သေဆုံးသူတွေအတွက် တစ်ဦးကို ရူပီးငွေ လေးသိန်း ပေးအပ်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

မီဇိုရမ်ပြည်နယ်ဟာ ချင်းပြည်နယ်နဲ့ နယ်နမိတ်ချင်းထိစပ်နေပြီး မြန်မာဒုက္ခသည် စုစုပေါင်း ၃၆,၅၀၀ ကျော်ရှိနေပြီး ပြည်နယ်အတွင်း ခရိုင် ၁၁ ခုမှာ ခိုလှုံနေကြတယ်လို့ အိန္ဒိယအရာရှိတွေက မေလ ၂၃ ရက်နေ့က ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။