မီဇိုရမ်ကို မြန်မာဒုက္ခသည် နှစ်ထောင်ကျော် ထွက်ပြေးခိုလှုံ
2024.05.23

မြန်မာပြည်တွင်းတိုက်ပွဲတွေကြောင့် ဒီလအတွင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ချင်းပြည်နယ်က ဒုက္ခသည် နှစ်ထောင်ကျော် ထွက်ပြေးရောက်ရှိလာတယ်လို့ ပြည်နယ်အာဏာပိုင်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဒေသတွင်းသတင်းဌာနတွေက ဖော်ပြပါတယ်။
အိန္ဒိယ- မြန်မာ နယ်စပ်လွတ်လပ်စွာဝင်ထွက်ခွင့် (FMR) ပိတ်ပင်မဲ့ အစီအစဉ်ကို အိန္ဒိယအစိုးရက အကောင်အထည်ဖော်နေချိန်မှာပဲ နယ်စပ်ဖြတ်ကျော်ပြီး မီဇိုရမ်ပြည်နယ်အရှေ့ဘက် ချန်ဖိုင်းခရိုင်ကို အခုလိုထွက်ပြေးခိုလှုံလာကြတာဖြစ်ပါတယ်။
မေလအတွင်းရောက်ရှိလာသူတွေအပါအဝင် မြန်မာဒုက္ခသည်စုစုပေါင်း ၃၆,၅၀၀ ကျော်ရှိနေပြီး ပြည်နယ်အတွင်း ခရိုင် ၁၁ ခုမှာ ခိုလှုံနေကြတယ်လို့ အိန္ဒိယအရာရှိတွေက ပြောထားပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ်မြို့တွေဖြစ်တဲ့ တွန်းဇံမြို့နဲ့ ကျီခါးမြို့တွေက စစ်ကောင်စီတပ်စခန်းတွေကို မေလ ၁၇ ရက်နေ့ကစပြီး ချင်းလက်နက်ကိုင်တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ကာ ရက်ပိုင်းအကြာမှာပဲ အဲဒီနှစ်မြို့ကို သိမ်းယူခဲ့ပါတယ်။
အဲဒီရက်ပိုင်းအတွင်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။