အရင် အစိုးရလက်ထက် စာရင်းပျောက်ခဲ့တဲ့ ယူရိုငွေ ၈၆ သန်းကိစ္စ စစ်ဆေးနေပြီ


2016.05.28

ဦးသိန်းစိန်အစိုးရလက်ထက်မှာ မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်းရံပုံငွေထဲက စာရင်းပျောက်နေတဲ့ ယူရိုငွေ ၈၆ သန်း ကိစ္စအတွက် အမှုဆောင်တွေရဲ့တိုင်ကြားချက်ကို ဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ်အပါအဝင် လူ ပုဂ္ဂိုလ် ၃ ဦးနဲ့ ခုံရုံးဖွဲ့ပြီး တိုင်တန်းသူကျောက်မျက်အသင်း အမှု ဆောင်တွေကို မနေ့က စတင်စစ်ဆေးခဲ့ပါတယ်။

ဒါပေမယ့် အခုဖွဲ့လိုက်တဲ့ခုံရုံးအနေနဲ့ အမှုကိုတရားမျှတအောင်ဆောင်ရွက်ပေးနိုင်ပါ့မလားလို့ သံသယရှိတဲ့ အတွက် ကျောက်မျက်လုပ်ငန်းရှင်များအသင်း အမှုဆောင်တွေက သမာသမတ် ရှိတဲ့ခုံရုံးအသစ်နဲ့စစ်ဆေးပေးဖို့ ဝန်ကြီးဌာနကိုတောင်းဆိုလိုက်ကြောင်း မနေ့က အစစ်ခံခဲ့တဲ့ ကျော်သစ္စာကျောက်မျက် လုပ်ငန်းရှင် ဦးကျော်ကျော်ဦးက အခုလိုပြောပါတယ်။

"နံပါတ်တစ်က ခုရုံးဖွဲ့ထားတာကိုလက်မခံတဲ့အကြောင်းပေါ့နော်၊ ဘာလို့လဲဆိုတော့ ကျနော်တို့တိုင်တာက စစ်တပ်က ဗိုလ်ချုပ်တွေ၊ ဗိုလ်ချုပ်ကြီးတွေကိုတိုင်တာ၊ တိုင်တဲ့အခါမှာ သမ္မတကြီးတောင်ပါတာပေါ့ဗျာ၊ အဲ့ဒါကိုဗိုလ်မှူးကြီးတွေက ခုရုံးဖွဲ့စစ်မယ်ဆိုတော့ ဘယ်လိုမှတရားမျှတမှာမဟုတ်ဘူးလေ၊ အမှန်တရား မထွက်လာနိုင်ဘူး၊ အဲ့တော့ ခုရုံးအဖွဲ့ကိုသဘောလဲမတူဘူး၊ အတည်လဲမပြုဘူး၊ လက်လည်းမခံနိုင်ဘူး"

ခုံရုံးကို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကကိုယ်စားလှယ်တွေ၊ စာရင်းစစ်အရာရှိ၊ ဆောက်လုပ်ရေး ဌာနကအင်ဂျင်နီယာ၊ သတ္တုတွင်းဌာန ကိုယ်စားလှယ်၊ ကျောက်မျက်အသင်းရဲ့ ကိုယ်စားလှယ်နဲ့ ဥပဒေပညာရှင် စတဲ့ ၇ ဦးပါတဲ့ ခုံရုံးဖွဲ့ပေးဖို့ သတ္တုတွင်းဝန်ကြီးကို အကြုံပြုလိုက် တယ်လို့ပြောပါတယ်။

တိုင်ကြားထားတဲ့အထဲမှာ ဦးသိန်းစိန်ကို ယူရိုငွေ ၇ သန်းထုတ်ပေးလိုက်တဲ့ကိစ္စလဲပါဝင် တယ်လို့ဆိုပါတယ်။

မနေ့က တိုင်ကြားသူ ၇ ဦးကို စစ်ဆေးခဲ့ပြီး၊ နောက်သတင်းပတ်မှာ ကျန်တဲ့သူ ၃ ဦးကိုဆက်စစ်မယ်လို့ သိရပါတယ်။ တိုင်ကြားသူကျောက်မျက်အသင်း အမှုဆောင်တွေတင်ပြထားတဲ့ ခုံရုံးအသစ်ဖွဲ့မဖွဲ့ ကိုတော့ မသိရသေးဘူးလို့ပြောပါတယ်။

မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်းရံပုံငွေထဲက စာရင်းပျောက်နေတဲ့ ယူရိုငွေ ၈၆ သန်း ကိစ္စအတွက် အမှုဆောင်တွေရဲ့တိုင်ကြားချက်ကို ဝန်ကြီးဌာနက ခုံရုံးဖွဲ့ပြီး မနေ့က စတင်စစ်ဆေးခဲ့ ပါတယ်။ မနေ့က အစစ်ခံခဲ့တဲ့ ကျောက်မျက်လုပ်ငန်းရှင်များအသင်း အမှုဆောင်အဖွဲ့ဝင်၊ ကျော်သစ္စာ ကျောက်မျက်လုပ်ငန်းရှင် ဦးကျော်ကျော်ဦးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။