မြန်မာ့စက်မှုဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဖျက်သိမ်းဖို့ သမ္မတတောင်းဆို

မြန်မာ့စက်မှု ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနကို ပြည်ထောင်စု လွှတ်တော်က အတည်ပြု ဖျက်သိမ်းပေးဖို့ သမ္မတ ဦးသိန်းစိန်က လွှတ်တော်ကို ဒီကနေ့ သဝဏ်လွှာပေးပို့ တောင်းဆိုလိုက်ပါတယ်။

2012.08.31
u-thein-sein-0625-b305 ၂၀၁၂ ခုနှစ် ဇွန်လ ၂၅ ရက်က နေပြည်တော်တွင် ကျင်းပနေသည့် လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ညီလာခံ၌ သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားနေစဉ်။
Photo:Myanmar President Office

မြန်မာ့စက်မှု ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနဟာ ယခင်စစ်အစိုးရ လက်ထက် နောက်ဆုံးသက်တမ်းမှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး နယ်စပ်ရေးရာ ဝန်ကြီးဌာနနဲ့ မြန်မာ့စက်မှု ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန (၂) ခုကို ဒုဗိုလ်ချုပ်ကြီး သိန်းဌေးက ဝန်ကြီးအဖြစ် ဦးဆောင် လုပ်ကိုင်ခဲ့တာပါ။

အခုလို မြန်မာ့စက်မှု ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနကို ဖျက်သိမ်းဖို့ ဖြစ်လာရတာဟာ ဒီဝန်ကြီးဌာနရဲ့ ဘတ်ဂျက်သုံးစွဲမှုနဲ့ ပတ်သက်ပြီး လွှတ်တော်နှစ်ရပ်စလုံးက ကန့်ကွက် ဆွေးနွေးခဲ့တာကြောင့် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဒေါက်တာအေးမောင်က RFA ကို ရှင်းပြပါတယ်။

" နယကရဲ့ လက်ထက်က အတည်ပြုခဲ့တဲ့ ဘတ်ဂျက်မှာ မပါဘဲနဲ့ ဘတ်ဂျက်မဲ့ သုံးစွဲတာဖြစ်တယ် ဆိုပြီးတော့ အခါမှာ အခြေအတင် ဆွေးနွေးမှုတွေ အလီလီဖြစ်ခဲ့ပါတယ်။ အဲဒီမှာ နဘူးအိုင် စီမံကိန်းတို့မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နံှမှုနဲ့လုပ်မဲ့ မြန်မာ့စက်မှု ဖွံ့ဖြိုးရေးဋ္ဌာနကလုပ်မဲ့ အစီအစဉ်တွေကို ဗိုလ်ချုပ်ကြီးသိန်းဌေးက ပြည်ထောင်စု လွှတ်တော်ကို တင်ပြတဲ့အခါမှာ လွှတ်တော်အမတ်တွေက ဘယ်ဘတ်ဂျက်နဲ့ သုံးသလဲ၊ အဲဒီလိုမေးခွန်းတွေ မေးတာတို့၊ အဆိုပြုတာတို့ ရှိခဲ့ပါတယ်။ သူတို့ဖြေတာကတော့ဖြင့် သမ္မတရုံးရဲ့ အထူးရန်ပုံငွေထဲက သုံးတယ်ဆိုတဲ့ သဘောပဲ ရှိတဲ့အခါကျတော့ ပြည်ထောင်စုလွှတ်တော် တစ်ခုလုံးကပဲ ဒီဝန်ကြီးဋ္ဌာနကိုဖျက်ဖို့ ကျွန်တော်တို့ ဆွေးနွေး အဆိုပြုခဲ့ကြတာ ရှိပြီးတဲ့နောက်မှာ ဒီဝန်ကြီးဋ္ဌာနရဲ့ ဘတ်ဂျက် အကုန်လုံးကို ဆက်မပေးတော့ဘူး ဆိုတဲ့သဘောနဲ့ ဆွေးနွေးခဲ့ကြတာ ရှိပါတယ်"

တရုတ်နိုင်ငံမှာ စက်မှုဖွံ့ဖြိုးရေး ဆောင်ရွက်ပြီး စီးပွားရေး ပြုပြင်ပြောင်းလဲခဲ့တဲ့ စံနမူနာတွေအတိုင်း လုပ်ဆောင်ဖို့ အခုဖျက်သိမ်းတော့မယ့် မြန်မာ့စက်မှု ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့တာ ဖြစ်တယ်လို့ သိရပြီး ဒီဝန်ကြီးဌာနအတွက် သမ္မတရဲ့ အထူးဘဏ္ဍာငွေထဲက သုံးစွဲနေတာ ဖြစ်ကြောင်း သိရပါတယ်။

မြန်မာ့စက်မှု ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဖျက်သိမ်းတော့မယ့်ကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်အတွင်း ဆွေးနွေးမှုတွေမှာ ပါဝင်ခဲ့သူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဒေါက်တာ အေးမောင်ကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားတာ တဆက်ထဲ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်း တင်ပြချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။