ပြည်ထောင်စု ဝန်ကြီးတွေနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေ ဆွေးနွေး
2013.01.27

အဲဒီတွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း က ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်သင့်တဲ့အချက်ရှိရင် လွှတ်တော်မှာ တင်ပြဆွေးနွေးပြီး ပြင်ဆင်သွားဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။
"ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်သင့်ရင်ပြင်ရမှာပေါ့၊ လူတွေကဆွဲထားတာပဲ လူတွေကောင်းဖို့အတွက်ဆို ပြင်ရမှာပေါ့၊ ကျွန်တော်တို့ သုံးယောက်ထဲနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုလုပ်လို့ မရဘူး၊ တပြည်လုံးက လူတွေပါမှ ခင်ဗျားတို့ မျှော်မှန်းတဲ့ ဒီမိုကရေစီရမှာ၊ Civil Society အဖွဲ့တွေ အများကြီးပါမှ ကျွန်တော်တို့ မျှော်မှန်းတဲ့ တိုင်းပြည်တိုးတက်မှာ"
ဒါ့အပြင် ဦသိန်းစိန်ဦးဆောင်တဲ့ အစိုးရအဖွဲ့ သက်တမ်းမကုန်ဆုံးမီ ၂၀၁၅ ခုနှစ်မတိုင်မီ အကျဉ်းထောင်အသီးသီးမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထပ်လွှတ်ပေးဖို့ရှိကြောင်း သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောခဲ့ပါတယ်။
"သမ္မတကြီးက ဒီမိုကရေစီစနစ်မှာ ပထမဆုံးတက်လာတဲ့ သမ္မတကြီးဖြစ်တာပေါ့၊ နိုင်ငံတကာကလည်း ထောက်ခံနေတာပေါ့ အများအတွက် တကယ်လိုအပ်တာတွေကိုလည်း လုပ်နေတာပေါ့၊ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်ပါတယ်၊ သမ္မတကြီး စဉ်းစားတဲ့အထဲမှာလဲ ပါမှာပေါ့ဗျာ "
ဒီတွေ့ဆုံပွဲကို ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ လူထုအခြေပြု အဖွဲ့အစည်း ၄၆ ဖွဲ့က ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။