တစ်ရက်လုပ်ခ ကျပ် ၅၆၀၀ သတ်မှတ်ပေးဖို့ တောင်းဆို


2017.11.26
minimum-wages-meeting-622.jpg မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန် ကနောင်ခန်းမမှာကျင်းပတဲ့ အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးတွေ့ဆုံပွဲကို တွေ့ရစဉ်
Photo: MICS

အနည်းဆုံးလုပ်ခလစာတစ်ရက် ကျပ် ၅၆၀၀ သတ်မှတ်ပေးဖို့ အထက်မြန်မာပြည် အလုပ်သမား ကိုယ်စား လှယ်တွေ က ဒီနေ့ အစိုးရကို တောင်းဆိုလိုက်ပါတယ်။

အနည်းဆုံးလုပ်ခလစာနှုန်းထားအသစ် ပြဋ္ဌာန်းနိုင်ဖို့အတွက် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ အတွင်းရေးမှူး ဦးဝင်းရှိန် နဲ့ တွေ့ဆုံရာမှာ တောင်းဆိုလိုက်တာဖြစ်တယ်လို့  မန္တလေးတိုင်း အနည်းဆုံးလုပ်ခလစာ သတ်မှတ်ရေးကော်မတီဝင် ဦးသက်နှင်းအောင် က ပြောပါတယ်။

"ကျနော်တို့က တောင်းဆိုတာပေါ့နော်၊ ပထမ တစ်ချက်က ၅၆၀၀ သတ်မှတ်ပေးဖို့ပေါ့နော်၊ ဒုတိယ တစ်ခုကကျတော့ ဥပဒေနဲ့အညီ ၂ နှစ်ကာလအတွင်းမှာ ကျနော်တို့ကို သတ်မှတ်ပေးရေးပေါ့နော် ၊ နောက်တစ်ခုကကျတော့ အနည်းဆုံးအခကြေးငွေမှာ အလုပ်သမား ၅ ဦးအထက်ကို အကံျုးဝင်စေရေး ကို တောင်းဆိုတာ ဖြစ်ပါတယ်"

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန် ကနောင်ခန်းမမှာ ဒီကနေ့ မနက်ပိုင်းက တွေ့ဆုံ ခဲ့ကြတာ ဖြစ်ပါတယ်။

အနိမ့်ဆုံး လုပ်ခလစာ ကျပ် ၃၆၀၀ ကို ပြီးခဲ့တဲ့အစိုးရလက်ထက် ၂၀၁၅ ခုနှစ် ဇွန်လ ၂၉ ရက်နေ့မှာ ထုတ်ပြန် ကြေညာသတ်မှတ်ခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့မှာ အလုပ်သမားတွေကို စတင်ခံစား ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

အဲဒီနှုန်းထားဟာ အနည်းဆုံး အလုပ်သမား ၁၅ ဦးနဲ့အထက်ရှိတဲ့ လုပ်ငန်းတွေအတွက် အကျုံးဝင်တယ်ဆိုပြီး သတ်မှတ်ပြဋ္ဌာန်းထားတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိပြဋ္ဌာန်းထားတဲ့ ကျပ် ၃၆၀၀ ကိုတောင် မရသေးတဲ့ စက်ရုံတွေရှိနေပြီး အဲဒီလိုစက်ရုံတွေကို စစ်ဆေး ဖော်ထုတ်အရေးယူပေးဖို့လည်း တောင်းဆိုခဲ့တယ်လို့ ပြောပါတယ်။

အနည်းဆုံးအခကြေးငွေကို တစ်ရက် ကျပ် ၅၀၀၀ ထက် မနည်းသင့်ကြောင်း  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ရန်ကုန်တိုင်းဒေသကြီး အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ကော်မတီကို အကြံပြုပြောကြားထားတာလည်း ရှိပါတယ်။

အမျိုးသားကော်မတီအတွင်းရေးမှူး ဦးဝင်းရှိန်ဟာ ဒီနေ့ညနေပိုင်းမှာ အလုပ်ရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။