ပုဒ်မ ၆၆ (ဃ)နဲ့ တိုင်ကြားခံရတဲ့ ဒါရိုက်တာမင်းထင်ကိုကိုကြီး အာမခံရရှိ


2019.04.02
minhtinkokogyi-622.jpg ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်ခံရတဲ့ ဒါရိုက်တာမင်းထင်ကိုကိုကြီးကို အင်းစိန်မြို့နယ်ရဲစခန်းမှာ ၂၀၁၉ ဧပြီ ၂ ရက်နေ့ကတွေ့ရစဉ်
Photo: Thant Zin Oo/RFA

လူမှုကွန်ရက်စာမျက်နှာ အသုံးပြုကာ တပ်မတော်နဲ့ ကာကွယ်ရေးဦးစီးချုပ်ကို ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ဆောင်တယ်ဆိုပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ တိုင်ကြားအမှုဖွင့်ခံထားရတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို အင်းစိန်မြို့နယ်ရဲစခန်းက ဒီနေ့ အာမခံပေးလိုက်ပါတယ်။

ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက တရားလိုလုပ်ပြီး ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ ရုပ်ရှင် ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကို တိုင်ကြားထားတာပါ။

လက်ရှိအချိန်ဟာ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အရေးကြီးနေတဲ့အချိန်မှာ တပ်မတော်အနေနဲ့ တရားစွဲဆိုတာဟာ ကောင်းတဲ့ကိစ္စမဟုတ်ဘူးလို့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဒီနေ့ ရဲစခန်းကနေ ပြန်အထွက်မှာ မီဒီယာတွေကို ပြောခဲ့ပါတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ တပ်မတော်နဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီ ၁၅ ရက်နေ့ကနေ မတ်လ ၂၂ ရက် အတွင်း သူတင်ခဲ့တဲ့ စာအရေးအသားတွေဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး အမှုဖွင့် ခံရတာလို့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးရဲ့ ပြောပြချက်အရ သိရပါတယ်။

သူဟာ လက်ရှိအချိန်အထိ သူ့အကောင့်မှာ တင်ခဲ့တဲ့ စာသားတွေကို ဖျက်တာတွေ ပြန်လည်ပြုပြင်တာတွေ မရှိဘူးလို့ ဆိုပါတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ မှတ်တမ်းရုပ်ရှင်ကားတွေ ထုတ်လုပ်နေတဲ့ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်သိပ္ပံကို တည်ထောင်ထားသူဖြစ်ပြီး လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော် စီစဉ်ခဲ့သူလည်း ဖြစ်ပါတယ်။

တရားစွဲတာနဲ့ပတ်သက်လို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်ကို RFA အနေနဲ့ ဆက်သွယ်လို့ မရတဲ့အတွက် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းပေမယ့် တိုက်ပွဲသတင်းတွေနဲ့ ပတ်သက်လို့သာ ပြောနိုင်တာဖြစ်တယ်လို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ မကြာခင် စင်္ကာပူနိုင်ငံမှာ အသည်းခွဲစိပ်ထားပြီး ကျန်းမာရေး အခြေအနေအရ လိုအပ်တဲ့ကုသမှုတွေ လုပ်ဆောင်ဖို့ လိုအပ်လာရင် ပြည်ပထွက်ခွာနိုင်အောင် ရဲစခန်းမှာ ပြောထားကြောင်း သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခနဲ့ ကိုသန့်ဇင်ဦး တို့ ပေးပို့တာပါ။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။