ဒါရိုက်တာ မင်းထင်ကိုကိုကြီးအမှု ရုပ်သိမ်းပေးဖို့ AI တောင်းဆို


2019.08.01
minhtinkokogyi-622.JPG ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကို အင်းစိန်မြို့နယ်တရားရုံးမှာ ၂၀၁၉ မေ ၂၃ ရက်နေ့က ရုံးထုတ်ခဲ့စဉ်
Photo: Aung Thain Kha/RFA
ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို တပ်မတော်ရဲ့ ဂုဏ်သိက္ခာထိခိုက်စေတယ်ဆိုပြီး ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲဆိုထားတာကို ပြန်လည်ရုပ်သိမ်းပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International က ဒီနေ့ ကြေညာချက်ထုတ်လိုက်ပါတယ်။

လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားတာဟာ ရာဇဝတ်မှု မဟုတ်ကြောင်းလည်း Amnesty International ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါခံစားနေရပြီး အကျဉ်းထောင်ထဲမှာ လိုအပ်တဲ့ ဆေးကုသမှု မရဘဲ မထားသင့်ဘူးလို့လည်းပါရှိပါတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီး အမှုကို ဒီနေ့ အင်းစိန်မြို့နယ်တရားရုံးမှာ စစ်ဆေးခဲ့ရာမှာ ပြန်ခေါ်သက်သေအဖြစ် တပ်မတော်က ဗိုလ်မှူး အောင်ရဲကျော် ကို စစ်ဆေးခဲ့တယ်လို့ မင်းထင်ကိုကိုကြီးရဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင် က RFA ကို ပြောပါတယ်။

လူမှုကွန်ယက် စာမျက်နှာတွေမှာ မင်းထင်ကိုကိုကြီး ရေးသားထားတဲ့အချက်တွေကြောင့် တပ်တွင်း ပုန်ကန်မှု တစ်စုံတစ်ရာ ဖြစ်ခဲ့တာမျိုး မရှိတဲ့အချက်ကို တရားခွင်အတွင်းမှာ ထောက်ပြခဲ့တယ်လို့ ဦးရောဘတ်စန်းအောင် က ပြောပါတယ်။

နောက်ထပ်ရုံးချိန်းကို သြဂုတ်လ ၁၅ ရက်နေ့မှာ ခေါ်ယူထားပြီး ဒီလမကုန်ခင်မှာ အပြီးသတ်အမိန့်ချနိုင်မယ့် အလားအလာရှိတယ်လို့လည်း ဆက်ပြောပါတယ်။

မင်းထင်ကိုကိုကြီးဟာ ဒီနှစ် ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့က မတ်လ ၂၂ ရက်နေ့အတွင်း Facebook မှာ တပ်မတော် ကို ဂုဏ်သိက္ခာကျဆင်းစေတဲ့ ရေးသားမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရန်ကုန်တိုင်း စစ်ဌာနချုပ်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) တို့နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

ပုဒ်မ ၅၀၅(က) အမှုကို အာမခံမပေးတာကြောင့် သူဟာ အင်းစိန်အကျဉ်းထောင်မှာ ချုပ်နှောင်ခံထားရတာ ၄ လနီးပါးရှိနေပြီ ဖြစ်ပါတယ်။

(RFA သတင်းထောက် ကိုရဲတိုက် ပေးပို့သည်)
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။