မင်္ဂလာဒုံမြို့နယ် ဌာနပိုင်မြေမှ တဲအိမ် ၆ဝ ရဲများ ဖျက်ဆီး
2015.06.06

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်ကျေးရွာ ဂုံညင်းနီကွင်းက မြေ ၅ ဧကမှာ ဆောက်လုပ်ထားတဲ့ တဲအလုံး ၆ဝ လောက်ကို ရဲတပ်ဖွဲ့ဝင်တွေ၊ စည်ပင်ဝန်ထမ်းတွေနဲ့ အရပ်ဝတ်တွေက ဒီနေ့ မနက် ၅ နာရီမှာ ဝင်ရောက်ဖျက်ဆီးလိုက်ပါတယ်။
အိမ်ငှားစရိတ် မတတ်နိုင်တဲ့လူတွေစုပြီး ဝင်ရောက်နေထိုင်ကြတာကို အင်အား ၈ဝဝ လောက်နဲ့ လာရောက် ဖျက်ဆီးတာဖြစ်တယ်လို့ တဲအိမ်ဖြိုဖျက်ခံရတဲ့ ဒေါ်သင်းသင်းက ပြောပါတယ်။
အင်အားသုံး ဖျက်ဆီးခံရတာကြောင့် ထိခိုက်ဒဏ်ရာရရှိထားသူ ၃ ဦးလောက်က မြောက်ဥက္ကလာပ မြို့နယ်ဆေးရုံမှာ ဆေးကုသနေတယ်လို့ သိရပါတယ်။
မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသဖံ့ွဖြိုးရေးဝန်ကြီးဌာန လက်အောက်က မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာနပိုင်မြေမှာ တဲထိုးပြီးဝင်ရောက် နေထိုင်ကြသူတွေဖြစ်တယ်လို့ ထောက်ကြံ့မြို့နယ်ရဲစခန်း တာဝန်ကျရဲအရာရှိတစ်ဦးက ပြောပါတယ်။
"အဲ့ဒါက မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသဖံ့ွဖြိုးရေးဝန်ကြီးဌာန၊ မွေးမြူရေး ကုသရေးဦးစီဌာန အဲ့ဒီဌာနပိုင်ဆိုတော့ ဇီဝလုံခြုံရေးပိုင်ဆိုပြီးထားတယ် မြေကွက်လပ်ပေါ့၊ အဲ့ဒီအနီးအနားမှာရှိတာက သူ့တို့ကြက်ခြံတစ်ခုတော့ရှိတယ်"
မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာ၊ ပျဉ်းမပင်၊ ဒလဘောင်၊ လေးထောင့်ကန်၊ ပတ္တမြား စတဲ့ကျေးရွာတွေမှာ နေအိမ်ငှားရမ်းနေထိုင်ခဲ့သူ ၅ဝဝ လောက်က ဂုံညင်းနီကွင်းမှာ ဒီလ ၁ ရက်နေ့ကစပြီး တဲတွေဆောက်လုပ် နေထိုင်ကြတာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီမြေနေရာဟာ အရင်က ကာကွယ်ရေးဝန်ကြီးဌာနပိုင်ဖြစ်ပြီး လက်ရှိမှာ မွေးမြူရေး၊ ရေလုပ်ငန်း နဲ့ ကျေးလက်ဒေသဖံ့ွဖြိုးရေးဝန်ကြီးဌာနပိုင် ကြက်မွေးမြူရေးခြံတွေ ရှိပါတယ်။