နိုင်ငံရေးနည်းနဲ့ ဆွေးနွေးဖြေရှင်းဖို့ စစ်ခေါင်းဆောင် ထပ်မံဖိတ်ခေါ်

RFA Burmese
2025.01.04
နိုင်ငံရေးနည်းနဲ့ ဆွေးနွေးဖြေရှင်းဖို့ စစ်ခေါင်းဆောင် ထပ်မံဖိတ်ခေါ် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပသည့် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တွေ့ရစဉ်။
Myanmar Military

စစ်ကောင်စီကို လက်နက်ကိုင်တိုက်နေတဲ့ အဖွဲ့တွေအနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထပ်ပြီးဖိတ်ခေါ်လိုက်ပါတယ်။

ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ ၇၇ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းဖိတ်ခေါ်လိုက်တာပါ။

လက်နက်ကိုင်တောင်းဆိုနေတာတွေကို လိုက်လျောဖြေရှင်းပေးမှာ မဟုတ်ကြောင်း၊ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ သဘောထားကွဲလွဲမှုတွေကို ဥပဒေနဲ့အညီ ထိန်းသိမ်းဆောင်ရွက်ကြဖို့ တိုက်တွန်းတယ်လို့လည်း ဆိုပါတယ်။

တပ်မတော်က တစ်ဖက်သတ် အပစ်ရပ်စဲကြောင်း အကြိမ်ကြိမ် ထုတ်ပြန်ကြေညာခဲ့ပြီး တွေ့ဆုံဆွေးနွေးဖို့ အကြိမ်ကြိမ်ဖိတ်ခေါ်နေပေမဲ့NCA မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ဟာ NCA မှာပါတဲ့ ကတိကဝတ်တွေကို မလိုက်နာဘဲ ချိုးဖောက်နေတာတွေ့ရတယ်လို့လည်း စစ်ခေါင်းဆောင်က ပြောထားပါတယ်။

စစ်ခေါင်းဆောင်က တွေ့ဆုံဆွေးနွေးဖို့ အကြိမ်ကြိမ် ကမ်းလှမ်းဖိတ်ခေါ်နေတယ်လို့ ပြောနေပေမဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်နယ်မြေတွေကို တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေပါတယ်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက် နှစ်သစ်ကူးနေ့မှာပဲ မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် သကျင်ရွာ၊ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ရွာနဲ့ ကယားပြည်နယ် လွိုင်ကော်မြို့က စစ်ဘေးဒုက္ခသည်စခန်းတို့မှာ စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ကိုးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ဇန်နဝါရီလ ၁ ရက်နေ့မှာ ပြောထားပါတယ်။

ရခိုင်ပြည်နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်ကို တိုက်ခိုက်သိမ်းပိုက်ထားတဲ့ အာရက္ခတပ်တော် (AA) ကတော့ လက်ရှိဖြစ်နေတဲ့အခြေအနေတွေကို နိုင်ငံရေးနည်းနဲ့ ဆွေးနွေးဖြေရှင်းမယ်လို့ ဒီဇင်ဘာလ ၂၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ အဲဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်ထားတာ မတွေ့ရသေးပါဘူး။

ဒါအပြင် တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် စစ်ကောင်စီတပ်နဲ့ အပစ်ရပ်ပြီး ဆွေးနွေးမယ်လို့ ကိုးကန့်တပ်ဖွဲ့ (MNDAA) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကလည်း ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၁၄၄ မြို့နယ်ကို တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။