စစ်မှုထမ်းဖို့ ပျက်ကွက်သူတွေကို အရေးယူမယ်လို့ စစ်ကောင်စီပြော

RFA Burmese
2024.05.20
စစ်မှုထမ်းဖို့ ပျက်ကွက်သူတွေကို အရေးယူမယ်လို့ စစ်ကောင်စီပြော ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၂) တက်ရောက်နေကြသူများအား ၂၀၂၄ မေလ ၁၇ ရက်နေ့က တွေ့ရစဥ်။
Telegram/ Pyi Thu Sitt

စစ်မှုထမ်းဆင့်ခေါ်တဲ့အခါ လာရောက်ဖို့ပျက်ကွက်သူအားလုံးကို တည်ဆဲဥပဒေတွေနဲ့ အရေးယူမယ်လို့ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မောင်မောင်အေးက မေလ ၂၀ ရက် နေပြည်တော်မှာလုပ်တဲ့ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ရဲ့ အစည်းအဝေးမှာ ပြောလိုက်ပါတယ်။

လက်ရှိမှာ စစ်မှုထမ်းသင်တန်း အပတ်စဥ် (၂) အထိလုပ်နိုင်ခဲ့ပြီး နောက်ထပ် အပတ်စဥ် (၃) အတွက်လည်း လျာထားချက်ပြည့်မှီအောင် လုပ်မယ်လို့လည်း သူက ဆိုပါတယ်။

စစ်မှုထမ်းသင်တန်း အပတ်စဥ် (၂) ကိုတော့ မေလ ဒုတိယပတ်အတွင်းက စတင်ခဲ့ပြီး သက်ဆိုင်ရာ တိုင်းစစ်ဌာချုပ် စစ်တိုင်းမှူးတွေနဲ့ စစ်သင်တန်းကျောင်းအုပ်တွေက သင်တန်းဖွင့်ပွဲတွေ လုပ်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး စစ်သားစုဆောင်းနေမှုကြောင့် လူငယ်တွေဟာ တိုင်းပြည် ပြင်ပကို ထွက်ခွာတာအပါအဝင် စစ်မှုမထမ်းရဖို့ နည်းမျိုးစုံနဲ့ တိမ်းရှောင်နေကြတာပါ။

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်မှာနေထိုင်တဲ့ သားနှစ်ဦးရဲ့မိခင်ကတော့ စစ်မှုထမ်းဖို့ပျက်ကွက်ရင် အရေးယူမယ့်အပေါ် စိုးရိမ်တယ်လို့ RFA ကို ပြောပါတယ်။

“ဒီတစ်ခေါက်တော့ မဲမပါသေးဘူး။ နောက်တစ်ခါကျရင်တော့ ဘယ်လိုပုံစံရှိမလဲ မသိသေးဘူး။ ပျက်ကွက်သူတွေကို ဖမ်းမယ်၊ ဆီးမယ်ဆိုတာတော့ စိုးရိမ်ပါတယ်။ တကယ်လည်း စစ်မှုထမ်းဖို့ ကျွန်မသားတွေကို မထည့်ချင်ဘူး”

ပြည်သူ့စစ်မှုထမ်း ဥပဒေပုဒ်မ ၂၃ အရ စစ်မှုထမ်းဖို့ဆင့်ခေါ်ချိန် ပျက်ကွက်ရင် ထောင်ဒဏ် သုံးနှစ်နဲ့ ငွေဒဏ် ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

ပထမအကြိမ် စစ်မှုထမ်းဖို့ စစ်သားစုဆောင်းချိန်ကတည်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ပျက်ကွက်ရင် အရေးယူမယ့်အကြောင်း အသိပေးမှုတွေ ရှိခဲ့တယ်လို့လည်း ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ဗမာ့ရေးရာနဲ့ ပဋိပက္ခ လေ့လာရေးအဖွဲ့ (Burma Affairs and Conflict Study - BACS) ရဲ့စာရင်းအရ နိုင်ငံအနှံ့ မြို့နယ်ပေါင်း ၁၇၄ မြို့နယ်၊ ရပ်ကွက်ကျေးရွာပေါင်း ၄၉၈ ခုမှာ နှစ်လအတွင်း လူပေါင်း ငါးထောင်နီးပါး စစ်မှုထမ်း ပထမအသုတ်အဖြစ် စတင်ခေါ်ယူခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။