စစ်တပ်ကို လက်နက်ဝယ်ပေးနေတဲ့ ပွဲစားအမည်စာရင်းတွေ NUG ထုတ်ပြန်
မြန်မာစစ်တပ်ကို လက်နက်ဝယ်ပေးနေတဲ့ လက်နက်ပွဲစား ၉ ဦးရဲ့ အမည်စာရင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်လိုက်ပြီး ဒီလူတွေနဲ့ဆက်စပ်တဲ့ လုပ်ငန်းတွေဟာ အကြမ်းဖက်မှုနဲ့ စစ်ရာဇဝတ်မှုကို အားပေးတဲ့ စီးပွားရေးလုပ်ငန်းတွေ ဖြစ်လို့ အမည်ပျက်စာရင်းမှာ သွင်းလိုက်တယ်လို့ ဇန်နဝါရီလ၂၅ ရက်နေ့က ထုတ်ပြန်တဲ့ NUGရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
လက်နက်ပွဲစား ၉ ဦးရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ သူတို့ရဲ့ ထုတ်ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကို ဝယ်ယူအားပေးတာတွေမလုပ်ကြဖို့နဲ့ သူတို့ကိုအားပေးတာဟာ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို အားပေးတာပဲလို့လည်း NUG က ဆိုပါတယ်။ ဒီလက်နက်ပွဲစားတွေဟာ စီးပွားရေးလုပ်ငန်းမျိုးစုံကို အယောင်ပြပြီး စစ်တပ်ကို လက်နက်တွေ ဝယ်ပေးနေသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
NUG က ပြောတဲ့ လက်နက်ပွဲစား ၉ ဦးကတော့... AK ကုမ္ပဏီအုပ်စုက ဦးအေးကို၊ International Gateway Groupက ဒေါက်တာ နိုင်ထွဋ်အောင်၊ Dynasty Group ကုမ္ပဏီက ဒေါက်တာ အောင်မိုးမြင့်၊ Suntac ကုမ္ပဏီအုပ်စုက ဦးစစ်တိုင်းအောင်၊ STE Global ကုမ္ပဏီက ဦးထွန်းလှိုင်၊ KT group က ဂျော်နသန်ကျော်သောင်း၊ Myanmar Chemical and Machinery ကုမ္ပဏီအုပ်စုက ဦးအောင်လှိုင်ဦး၊ ထူး ကုမ္ပဏီအုပ်စုက ဦးတေဇ၊ Trident Marine ကုမ္ပဏီက ဦးဇော်ဝင်းဦးတို့ပဲဖြစ်ပါတယ်။
မြန်မာစစ်တပ်ဟာ ပြည်သူတွေကို လက်နက်မျိုးစုံနဲ့ နေ့စဉ်ပစ်ခတ် သတ်ဖြတ်နေတာတွေဟာ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာဖြစ်လို့ ဒါတွေဟာ နိုင်ငံတကာ တရားရုံးတွေမှာ အရေးယူရမှာ ဖြစ်တယ်လို့ NUG အစိုးရ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။
NUG က လက်နက်ပွဲစားလို့ စွပ်စွဲထားသူတွေဘက်ကတော့ ဒါကို တုံ့ပြန်တာ မရှိသေးပါဘူး။ RFA ဘက်ကလည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။