ဧရာဝတီတိုင်းမှာ စစ်မှုထမ်းအတွက် ငွေတောင်းယူနေကြောင်း ဒေသခံတွေပြော

RFA Burmese
2024.09.27
ဧရာဝတီတိုင်းမှာ စစ်မှုထမ်းအတွက် ငွေတောင်းယူနေကြောင်း ဒေသခံတွေပြော ဧရာဝတီတိုင်း၊ အမာမြို့တစ်နေရာကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ဧရာဝတီတိုင်း၊ ဖျာပုံနဲ့ ငပုတောမြို့နယ်မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးတွေက တိုက်ရိုက်နာမည်ဆင့်ခေ်ပြီး စစ်မှုထမ်းခိုင်းတာအပြင် ငွေကြေးတောင်းယူနေတာလည်း ရှိတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

ဖျာပုံခရိုင်၊ အမာမြို့နယ်ခွဲမှာရှိတဲ့ အောင်ကုန်း၊ လေးပင်ချောင် စတဲ့ရွာတွေ အပါအဝင် ရွာခုနစ်ရွာမှာ စက်တင်ဘာလ ၂၅ ရက်နေ့ကစပြီး စစ်မှုထမ်း လူစားထိုးဖို့ဆိုပြီး အိမ်ထောင်စုတစ်စုကို ငွေကျပ်လေးသောင်း ကောက်ခံနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"စစ်မှုထမ်းဖို့ ထွက်ပြေးတဲ့သူတွေလည်း အကုန်ထွက်ပြေးကုန်ပြီ။ အခုဟာက နယ်မြေျင်းတူတောင်မှ အမာမြို့က တအားခံနေရတာ။ အခု ဒီလေးပင်ချောင်၊ အောင်ကုန်းက ကရင်ရွာတွေဆိုရင် တစ်အိမ်ထောင်ကို လေးသောင်း ကောက်တယ်။ အစည်းအဝေးခေါ်ပြီးတော့ တစ်အိမ်ထောင်ကို လေးသောင်းပေးရမယ်။ သူတို့ လူစားထိုးထည့်ဖို့အတွက်ဆိုပြီး လိုက်ကောက်နေတာ"

စက်တင်ဘာလ တတိယပတ်ထဲမှာ အမာမြို့နယ်ခွဲ၊ တောင်ကွင်းရွာက အသက် ၂၀ အရွယ် ကိုမြင့်အေး ဆိုသူကို စစ်မှုထမ်းရမယ်ဆိုပြီး အုပ်ချုပ်ရေးအဖွဲ့က ခေါ်သွားတယ်လို့ အဲဒီ ဒေသခံက ပြောပါတယ်။

အမာမြို့နယ်ခွဲမှာ ပြီးခဲ့တဲ့ မေလကစပြီး ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ စစ်မှုထမ်းဖို့အတွက် တိုက်ရိုက်ဆင့်ခေါ်ခံရသူ ခုနစ်ဦးအထိ ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ ငပုတောမြို့နယ် အောက်ဘက်က သင်္ကန်းကုန်း၊ သုံးခွ၊ သက္ကယ်သောင် စတဲ့ရွာတွေ အပါအဝင် ရွာပေါင်း ၆၀ ခန့်မှာ စက်တင်ဘာလ နောက်ဆုံးအပတ်ကစပြီး စစ်မှုထမ်းဥပဒေနဲ့ တပ်သားသစ် ငှားရမ်းဖို့အတွက် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြားရှိတဲ့ လူတစ်ဦးကို ငွေကျပ်နှစ်သောင်း ကောက်ခံနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ လူတစ်ယောက်ကို ငွေနှစ်သောင်း ကောက်တာ။ စစ်မှုထမ်း ငှားရမ်းဖို့အတွက်ဆိုပြီးတော့ မြို့နယ်အုပ်ချုပ်ရေးမှူးက ကောက်ခိုင်းတာ။ အိမ်ခြေနဲ့ မဟုတ်ဘူး။ လူဦးရေစာရင်းနဲ့ ကောက်တာ။ နှစ်ယောက်ရှိတဲ့အိမ်က လေးသောင်း ထည့်ရတယ်။ သုံးယောက်ရှိတဲ့အိမ်က သုံးယောက်စာ ထည့်ရတယ်"

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က စက်တင်ဘာလ၂၇ ရက်နေ့မှာ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။

ပြီးခဲ့တဲ့ မေလအတွင်း အမာမြို့နယ်ခွဲက မြို့ပေါ်ရပ်ကွက် လေးခုနဲ့ ဂေါ်ဒူ၊ သမိန်ပုလဲ၊ အရှေ့ဖျား၊ စစ်ကုန်း စတဲ့ ရွာပေါင်းသုံးဆယ်ကျော်ကနေ စစ်မှုထမ်း အပတ်စဉ်  (၂) အတွက် လူလေးဆယ်ထက်မနည်း စစ်မှုထမ်းဖို့ စုဆောင်းခံရတယ်လို့ မိသားစုတွေနဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။