စစ်မှုထမ်းဖို့ စာရင်းကောက်သူ ၂၂ ဦးအထိ သတ်ဖြတ်ခံထားရ
2024.03.30
ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းပြီးနောက် စစ်မှုထမ်းဖို့ စာရင်းကောက်ယူသူ ၂၂ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။
RFA က ပြုစုထားတဲ့ အချက်အလက်တွေအရ ဥပဒေစတင်ပြဋ္ဌာန်းတဲ့ ဖေဖော်ဝါရီ ၁၀ ရက်ကနေ မတ် ၂၉ ရက်အထိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ ရုံးစာရေးတွေ နဲ့ ရာအိမ်မှူးတွေ သတ်ဖြတ်ခံခဲ့ရတာပါ။
သတ်ဖြတ်ခံရသူတွေဟာ မကွေးတိုင်းက ရှစ်ဦး၊ မန္တလေးတိုင်းက ငါးဦး၊ စစ်ကိုင်းတိုင်းက သုံးဦး၊ ပဲခူးတိုင်းက သုံးဦး၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ တစ်ဦးစီ သတ်ဖြတ်ခံခဲ့ရတာပါ။
မတ်လ ၂၈ ရက် ညတုန်းကလည်း ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ် သင်္ခရိုင်ရွာက အုပ်ချုပ်ရေးမှူးဦးတင်ရှိန်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) က သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။
ဦးတင်ရှိန်ဟာ စစ်မှုထမ်းဆင့်ခေါ်ရေးကို တက်တက်ကြွကြွ လုပ်ဆောင်နေသူဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဦးတင်ရှိန်က ဒီဘက်တစ်ကြောမှာတော့ နာမည်တော်တော်ထွက်တဲ့သူပဲ။ စစ်ကောင်စီထက်ကို သူက ပိုကဲတာမျိုးပေါ့။ ပြည်သူတွေကို စစ်မှုထမ်းဖို့ အတင်းအဓမ္မ စာရင်းကောက်တယ်။ PDF စခန်းတွေကို စုံစမ်းတယ်။ ဝင်စီးမယ်ဆို လမ်းပြပေးတယ်၊ အဲဒါကြောင့် သေနတ်နဲ့ ပစ်ခတ်ခံရတာပါ”
စစ်မှုထမ်းဆင့်ခေါ်ရေး ဆောင်ရွက်သူတွေ ပစ်မှတ်ထား သတ်ဖြတ်ခံနေရတဲ့အပေါ် စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးလုပ်ငန်းစဉ်မှာ ပါဝင်ကူညီနေသူတွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ကြေညာထားပါတယ်။