စစ်ကောင်စီတပ်ပိုင် ရုရှားထုတ် စစ်ရဟတ်ယာဉ် ဟားခါးမှာ ပျက်ကျ

2022.03.29
စစ်ကောင်စီတပ်ပိုင် ရုရှားထုတ် စစ်ရဟတ်ယာဉ် ဟားခါးမှာ ပျက်ကျ ချင်းပြည်နယ် ဟားခါးမြို့တွင် ပျက်ကျခဲ့သည့် စစ်ရဟတ်ယာဉ်ကို ၂၀၂၂ ခုနှစ် မတ်လ ၂၉ ရက်နေ့က တွေ့ရစဉ်
Photo: Myanmar Military

ဒီနေ့မနက် ကိုးနာရီခွဲလောက်က ချင်းပြည်နယ် ဟားခါးမြို့နဲ့ အမှတ် ၂၆၆ တပ်စခန်းကြား ထင်းရှူးတောထဲကို စစ်ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့တယ်လို့ ဒေသခံတွေက ပြော ပါတယ်။ ဟားခါးမြို့ကို တက္ကသိုလ်ဝင်တန်း စာမေးပွဲမေးခွန်းတွေ လာပို့တဲ့ စစ်ရဟတ် ယာဉ်ဖြစ်ပြီး ကွင်းကိုအဆင်းမှာ ရာသီဥတုကြောင့် ပျက်ကျသွားခဲ့တာလို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။

“ကလေးကနေ ဟားခါးကို တက္ကသိုလ်ဝင်တန်း စာမေးပွဲ မေးခွန်းတွေ သွားပို့တဲ့ ရဟတ်ယာဉ်ရှိတယ်။ ၉ နာရီ ၂၀ လောက် မှာ ဟားခါးက ရဟတ်ယာဉ်ကွင်းကို ဆိုက်တဲ့အချိန်မှာ အောက်ကနေပင့်ပြီး တိုက်တဲ့လေပေါ့။ အဲဒါ မိပြီးတော့ ရဟတ် ယာဉ်ကွင်းနဲ့ မီတာ ၁၀၀ လောက် ဆိုက်ခါနီးမှာ ပြုတ်ကျသွားတာရှိတယ်။ ရဟတ် ယာဉ်က အမြီးကျိုးသွားတယ်။ လူသေဆုံးမှုမရှိဘူး။ တပ်က နှစ်ယောက်၊ ပညာရေး ဝန်ထမ်း သုံးယောက် အနည်းငယ်ပွန်းပဲ့ ဒဏ်ရာရတာရှိတယ်။ စားမေးပွဲ မေးခွန်းတွေ ကတော့ ပျက်စီးမှုမရှိဘူး။ သက်ဆိုင်တဲ့နေရာကို ရောက်သွားပြီ”

ဒဏ်ရာရသူတွေကို ဟားခါးက ဆေးရုံတစ်ခုမှာ တင်ထားပြီး ရဟတ်ယာဉ်ကိုတော့ စစ်တပ်က ဆွဲတင်ဖို့ လုပ်နေတယ်လို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

အဲဒီစစ်ရဟတ်ယာဉ် ပျက်ကျတဲ့နေရာကို စစ်တပ်က လုံခြုံရေးတွေ ချထားလိုက်ပြီး အသွားအလာ ကန့်သတ်ထားတယ်လို့ ဟားခါး ဒေသခံ ဦးအောင်ဖြူက ပြောပါတယ်။

“အခုတော့ အဲဒီဘက်ကို သွားလို့မရတော့ဘူး။ အသံတော့ မကျယ်ဘူး။ အဲဒီဝန်းကျင်က လူတွေကတော့ အပေါ်မှာ တစ်ခုခုတော့ လောင်နေတယ်။ ဖြစ်နေတယ်လို့ ပြောတယ်။ ဒေသခံတစ်ယောက်ကတော့ သွားတက်ကြည့်မယ်ပေါ့။ လုပ်တော့ ဝင်လို့ မရတော့ဘူး။ ရဟတ်ယာဉ်တော့ သေချာတယ်”

မြန်မာနိုင်ငံမှာ ဝေးလံခေါင်သီပြီး ကားလမ်းနဲ့ သွားလို့ အဆင်မပြေတဲ့ ဒေသတွေအတွက် ဝန်ထမ်းတွေကို ပို့ဆောင်တာ၊ စားနပ်ရိက္ခာနဲ့ လစာအပြင် အသုံးအဆောင်ပစ္စည်းတွေ ပို့ဆောင်တဲ့အခါ စစ်ရဟတ်ယာဉ်တွေကို အဓိကအသုံးပြုပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့ကနေ ချင်းပြည်နယ် ဟားခါးမြို့ကို ကားလမ်းကြောင်း အလွယ် တကူရောက်နိုင်ပေမယ့် စစ်ကောင်စီကိုတော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ရှိနေတာကြောင့် စစ်ရဟတ်ယာဉ်ကို အသုံးပြုခဲ့တာ ဖြစ်နိုင်တယ်လို ဒေသခံတွေက ယူဆကြပါတယ်။

"ရဟတ်ယာဉ်က အမြီးကျိုးသွားတယ်။ လူသေဆုံးမှုမရှိဘူး"

အခု ပျက်ကျတဲ့ ရဟတ်ယာဉ်ဟာ ရုရှားနိုင်ငံထုတ် ရဟတ်ယာဉ်ဖြစ်ပြီး အကြမ်းခံနိုင်တဲ့ အမျိုးအစား ဖြစ်တယ်လို့ စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂအင်စတီကျု ရဲ့ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ပြောပါတယ်။

 အခု ဖြစ်စဉ် ဖြစ်သွားတဲ့ MI – 17 ကတော့ ရုရှားထုတ်ပေါ့။ တော်တော်လေး အကြမ်း အတမ်း၊ အကြမ်းပတမ်း ခံတယ်ပေါ့နော်။ အကြမ်းပတမ်း ခံပြီးတော့ မောင်းနှင်ရ လွယ်ကူတဲ့ ရဟတ်ယာဉ် အမျိုးအစားပါပဲ။ ရဟတ်ယာဉ်ရဲ့ သဘော တရားက လေပင့်တင်အားနဲ့ သွားရတဲ့ အခါကျတော့ လေပင့်တင်အား ပြတ်သွားတဲ့အခါမျိုး၊ တစ်ခါတစ်ရံမှာ လေပင့် တင်အားနဲ့ အောက်ကို ဆင်းတဲ့အရှိန်က မညီမျှတဲ့အခါမှာ ပျက်ကျတာတွေ ဖြစ်တယ်။ ဒါကတော့ ရာသီဥတု အပေါ်မှာလည်း ဆိုင်တယ်။ အဲလို Accident မျိုးကျတော့ ပြောရတာ ခက်တယ်။ အခု ဖြစ်သွားတဲ့ ဖြစ်စဉ်အရတော့ ကျနော်တို့ လေ့လာ ရသလောက်တော့ ရာသီ ဥတုလည်း နည်းနည်းဆိုးတဲ့အချိန်မှာ လေယာဉ်က Lift မရတဲ့အချိန်မှာ ပြုတ်ကျတဲ့ ပုံစံမျိုးလို့ပဲ သတ်မှတ်ပါတယ်”

မြန်မာ့စစ်တပ်မှာ သုံးနေတဲ့ စစ်ရဟတ်ယာဉ်တွေက ဟောင်းလား၊ မဟောင်းလား ဆိုတာကတော့ ဆုံးဖြတ်ဖို့ ခက်ခဲတယ်လို့လည်း ဦးသိန်းထွန်းဦးက ပြောပါတယ်။

ဟားခါးမြို့တွင်  ၂၀၂၂ ခုနှစ် မတ်လ ၂၉ ရက်နေ့က ပျက်ကျခဲ့သည့် စစ်ရဟတ်ယာဉ်ကို တွေ့ရစဉ် (Photo: Myanmar Military)
ဟားခါးမြို့တွင် ၂၀၂၂ ခုနှစ် မတ်လ ၂၉ ရက်နေ့က ပျက်ကျခဲ့သည့် စစ်ရဟတ်ယာဉ်ကို တွေ့ရစဉ် (Photo: Myanmar Military)

ဒီနေ့ ပျက်ကျတဲ့ရဟတ်ယာဉ်မျိုးကို စစ်ဆင်ရေးတွေအတွင်း စားနပ်ရိက္ခာနဲ့ စက်လက်နက် ပစ္စည်း သယ်ယူတာတွေအပြင် တိုက်ခိုက်ရေးမှာပါ သုံးလေ့ရှိပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၁ ခုနှစ်၊ မေလအတွင်း ကချင်ပြည်နယ် မိုးမောက်မြို့နယ်ထဲမှာဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ KIA တို့ရဲ့ တိုက်ပွဲမှာလည်း စစ်ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး စစ်ကောင်စီတပ်က အရာရှိသုံးဦး သေဆုံးခဲ့ပါတယ်။

၂၀၂ဝ ခုနှစ် မတ်လတုန်းကလည်း ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စနဲ့ နိုင်ငံတကာ စစ်သံမှူးတချို့ လိုက်ပါလာတဲ့ စစ်ရဟတ်ယာဉ်တစ်စင်း လည်း ပျက်ကျခဲ့ပါသေးတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။