မန္တလေးမှာ NUG၊ CRPH၊ PDF နဲ့ မပူးပေါင်းဖို့ စစ်ကောင်စီ နှိုးဆော်
2021.08.24
မန္တလေးက မြို့နယ်အချို့မှာ NUG ၊ CRPH နဲ့ PDF အဖွဲ့တွေနဲ့ မပူးပေါင်းဖို့ စစ်ကောင်စီတပ်သားတွေက ဒီနေ့ သြဂုတ်လ ၂၄ ရက်နေ့ မနက်က လိုက်လံကြေညာခဲ့တယ်လို့ ဒေသခံတွေက RFA ကပြောပါတယ်။
ကားပေါ်က လော်စပီကာနဲ့ လိုက်လံကြေညာခဲ့တာလို့ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်က အမည်မဖော် လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မိဘပြည်သူများခင်ဗျာ ဆိုတာကို သုံးကြိမ်လောက်အော်တယ်။ ပြီးတော့ NUG က ဇီဝလက်နက်ကို အသုံး ပြုတယ်။ PDF က အကြမ်းဖက်အဖွဲ့ဖြစ်တယ်။ အကြမ်းဖက်အဖွဲ့တွေကို မြန်မာ့မြေပေါ်ကနေ အပြီးတိုင် မောင်းထုတ်သွားမယ်။ တဘက်နိုင်ငံရောက်နေတဲ့သူတွေကိုလည်း ဖမ်းမိဖို့ အင်တာပို အပါအဝင် နိင်ငံ တကာနဲ့ ချိတ်ဆက်နေတယ်၊ အစိုးရက ကိုဗစ်နဲ့ပတ်သက်ပြီး စောင့်ရှောက်မှုတွေ လုပ်ပေးနေကြောင်းနဲ့ ကိုဗစ်စည်းကမ်းတွေကို လိုက်နာဖို့ အော်တယ်။ သူတို့ပြောတာ ဘယ်သူမှလည်း မယုံပါဘူး”
မြို့နယ်အချို့က နေရာအချို့မှာသာ လှည့်လည်ကြေညာတာဖြစ်လို့ ဒေသခံအများစုကတော့ ဒီလိုသတင်း အချက်လက်ကို လူမှုကွန်ယက်ပေါ်ကနေသာ သိရှိကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မန္တလေးမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက နေအိမ်ပြင်ပကိုလည်း အချိန်ကန့်သတ်ချက်နဲ့ သာထွက်ခွင့်ရခဲ့ပေမယ့် မနေ့က သြဂုတ်လ ၂၃ ရက်နေ့မှာတော့ အချိန်ကန့်သတ်ချက်နဲ့ ထွက်တာကို ပယ်ဖျက်လိုက်တယ်လို့ မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီပိုင် မန္တလေး နေ့စဉ်သတင်းစာကနေ အသိပေးချက်ထုတ်ပြန်ခဲ့ ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့ကလည်း မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ စစ်ကောင်စီက ဧည့်စားရင်း တိုင်ကြားဖို့ လှည့်လည်ကြေညာခဲ့ပြီးတဲ့နောက် ညနေပိုင်းမှာတော့ ဧည့်စားရင်းတိုင်ကြားမှု ပြုလုပ်နေတဲ့ ဓမ္မာရုံမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လေးယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက ရေဦးမြို့နဲ့ ဝက်လက်မြို့နယ်တွေမှာတော့ PDF တွေအနေနဲ့ လက်နက်ချ အလင်းဝင် ဖို့နဲ့ သတင်းပေးရမယ့် ဖုန်းနံပတ်တွေပါရှိတဲ့ စာရွက်တွေကို လမ်းဘေးဓာတ်တိုင်တွေမှာ ကပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။