အာဏာသိမ်းကာလ ဖမ်းဆီးသတ်ဖြတ်ခံရသူ ၁၉၀၀ နီးပါးရှိလာ
2024.07.02

အာဏာသိမ်း သုံးနှစ်ကျော်အတွင်း မြန်မာနိုင်ငံရဲ့ နေရာဒေသအသီးသီးမှာ ပုံစံမျိုးစုံနဲ့ ဖမ်းဆီးချုပ်နှောင်ခံရပြီးနောက် သတ်ဖြတ်ခံရသူ စုစုပေါင်း ၁၈၅၃ ဦးအထိ ရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇူလိုင်လ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
“သံတိုင်နောက်မှ ပြန်လမ်းမဲ့သူများ” ဆိုတဲ့ ခေါင်းစဉ်နဲ့ အစီအရင်ခံစာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ် ဇွန်လကုန်အထိ ဖမ်းဆီးသတ်ဖြတ်ခံရသူတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးသတ်ဖြတ်ခံရသူတွေထဲ စစ်ကြောရေးစခန်းတွေထဲမှာ သေဆုံးသူ ၁၃၁ ဦး၊ အကျဉ်းထောင်တွေထဲ သေဆုံးသူ ၉၇ ဦးနဲ့ ရဲစခန်းတွေမှာ ဖမ်းဆီးခံထားရစဉ် သေဆုံးသူ ၃၀ ဦး စုစုပေါင်း ၂၅၈ ဦးပါဝင်ပါတယ်။ ကျန်သူတွေကတော့ နေရာဒေသအသီးသီးမှာ ပုံစံမျိုးစုံနဲ့ ဖမ်းဆီးချုပ်နှောင်ခံရပြီးနောက် သေဆုံးခဲ့ရသူတွေ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ နွေဦးတော်လှန်ရေးနဲ့ ဆက်စပ်ပြီး တက်ကြွလှုပ်ရှားသူတွေ၊ အရပ်သားပြည်သူတွေကို နိုင်ငံအနှံ့ ကျယ်ကျယ်ပြန့်ပြန့် ဖမ်းဆီးပြီး ရဲစခန်း၊ စစ်ကြောရေးစခန်းနဲ့ အကျဉ်းထောင်တွေထဲမှာ ချုပ်နှောင်ပြီး ရုပ်၊ စိတ်ပိုင်းနဲ့ လိင်ပိုင်းဆိုင်ရာ နည်းမျိုးစုံနဲ့ ညှဉ်းပန်းနှိပ်စက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဖမ်းဆီးခံရသူတွေကို လူ့ဂုဏ်သိက္ခာမငဲ့ကွက်ဘဲ ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းတွေနဲ့ စစ်ဆေးမေးမြန်းလို့ ထိခိုက်ဒဏ်ရာရမှုနဲ့ သေဆုံးမှုတွေကိုလည်း စစ်အုပ်စုက တာဝန်ယူ၊ တာဝန်ခံမှုမရှိဘူးလို့ AAPP က ပြောပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူ။
AAPP ရဲ့ ၂၀၂၄ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ စာရင်းတွေအရ လူပေါင်းကိုးထောင်ကျော် (၉၂၃၂ ဦး) ဟာ လူငယ်သင်တန်းကျောင်းတွေနဲ့ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရပြီး အာဏာပိုင်တွေရဲ့ နည်းလမ်းမျိုးစုံနဲ့ ဖိနှိပ်မှုကို ခံနေရကာ သတင်းအစန ပျောက်ဆုံးနေသူတွေလည်း ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိအသုံးပြုနေတဲ့ အကျဉ်းထောင်နဲ့ အချုပ်ထောင် စုစုပေါင်း ထောင် ငါးဆယ်ရှိပြီး အဲဒီထောင်တွေအားလုံးမှာ နိုင်ငံရေးအကျဉ်းသားတွေကို ချုပ်နှောင်ထားတယ်လို့ AAPP က ပြောပါတယ်။