မိတ္ထီလာမြို့မှာ စစ်ကောင်စီ ရဟတ်ယာဉ်တစ်စင်း ပျက်ကျ
2024.03.27

Updated 2:31 PM Mar 27, 2024
မန္တလေးတိုင်း၊ မိတ္ထီလာမြို့ ပြည်သာယာ (မြောက်) ရပ်ကွက် မဟူရာသင်္ချိုင်းအနီး မတ်လ ၂၆ ရက်မနက်မှာ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ပါတယ်။
စစ်ကောင်စီရဲ့ မတ်လ ၂၇ ရက် ထုတ်ပြန်ချက်မှာတော့ လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စင်းဟာ စက်ချို့ယွင်းပြီး ပျက်ကျခဲ့တာလို့ ဖော်ပြထားပါတယ်။
ရဟတ်ယာဉ်မှူးနဲ့ သင်တန်းသား ထိခိုက်မှုမရှိပေမယ့် ရဟတ်ယာဉ်ကတော့ ပျက်စီးသွားတယ်ဆိုပေမယ့် အသေးစိတ်ကို မထုတ်ပြန်ပါဘူး။
လေတပ်က CDM တပ်ကြပ်ကြီး ဇေယျကတော့ လေယာဉ်တွေကို စစ်ကောင်စီက ဆက်တိုက်အသုံးပြုနေတာကြောင့် ချို့ယွင်းချက်တွေရှိလာပြီး အခုလိုပျက်ကျမှုတွေ ခပ်စိပ်စိပ်ဖြစ်လာတာလို့ RFA ကိုပြောပါတယ်။
"ဒီနှစ်ထဲမှာ ပိုးဆိုးလာတာတွေ့ရတယ်။ သုံးစွဲမှုကလည်း များလာတယ်။ အရင်ကတည်းက ကျွန်တော်တို့ဆီရောက်တဲ့ လေယာဉ်တော်တော်များများက အားနည်းချက်တွေလည်း ရှိတယ်။ အလွန်အကျွံသုံးစွဲတော့ အခုနောက်ပိုင်း ဒီလိုဖြစ်စဉ်တွေ ထပ်ဖြစ်လာဦးမှာ"
လေယာဉ်တွေကို တစ်ခါအသုံးပြုပြီးတိုင်း သက်ဆိုင်ရာ အစိတ်အပိုင်းအလိုက် စစ်ဆေးမှုတွေလုပ်ရပေမယ့် စစ်ကောင်စီက အဲဒီအခြေအနေကို မလုပ်နိုင်တော့ဘူးလို့ သူကပြောပါတယ်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်ကလည်း မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကြူဝန်ကြီးရွာအနီးမှာ စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ် MIG-29 တစ်စင်း ပျက်ကျခဲ့ပါတယ်။
အိန္ဒိယကနေ မြန်မာနိုင်ငံကို ပြန်ပို့မယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သွားရောက်ခေါ်ယူတဲ့ Y-8 အမျိုးအစား စစ်ကောင်စီ လေယာဉ်ဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က Lengpui လေဆိပ်မှာ ဇန်နဝါရီ ၂၃ ရက်မှာ ပြေးလမ်းချော်ပြီး ပျက်စီးခဲ့ပါတယ်။
ဒီ့အပြင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလထဲမှာလည်း တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ လေ့ကျင့်ရေးအမောင်းသင် လေယာဉ်တစ်စင်း ပျက်ကျခဲ့ပါတယ်။
၂၀၂၁ ခုနှစ်၊ ဇွန်လထဲမှာလည်း ပြင်ဦးလွင်အနီးစခန်းလေဆိပ်ကိုဆင်းတဲ့ စစ်ကောင်စီရဲ့ သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး ဘုန်းကြီး တစ်ပါး၊ ဗိုလ်မှူး နှစ်ဦး၊ ဗိုလ်ကြီး နှစ်ဦးနဲ့ တပ်ကြပ် တစ်ဦး အပါအဝင် ၁၂ ဦး သေဆုံးခဲ့ပါတယ်။
ဒီအပြင် စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်အတွင်း သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်နဲ့ ဂျက်တိုက်လေယာဉ် စုစုပေါင်း ခုနစ်စင်းကို ကချင်၊ ကရင်၊ ကရင်နီ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ချဖျက်ဆီးပါတယ်။
ဒါကြောင့် ပစ်ချခံရတဲ့ လေယာဉ်နဲ့ ပျက်ကျခဲ့တဲ့ လေယာဉ် စုစုပေါင်း ၁၂ စင်းအထိရှိလာပြီဖြစ်ပါတယ်။
(မှတ်ချက် - လေတပ်က CDM တပ်ကြပ်ကြီး ဇေယျရဲ့ မှတ်ချက်ကို ထပ်မံဖြည့်စွက်ထားပါသည်။)