တရားမဝင် နိုင်ငံခြားသား အလုပ်သမားဥပဒေကို ထိုင်းအစိုးရ ပြင်ဆင်


2018.03.07
thai-migrant-workers-622.jpg ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေကို တွေ့ရစဉ်
Photo: RFA

တရားမဝင် နိုင်ငံခြားသား အလုပ်သမား စီမံခန့်ခွဲရေး ဥပဒေပါ ပြစ်ဒဏ်တွေကို ထိုင်းအစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းက လျှော့ပေါ့ပြင်ဆင်ပေးလိုက်တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားတွေကို အကူအညီပေးနေသူတွေ က ဒီနေ့ ပြောပါတယ်။

အလုပ်ရှင်တွေအနေနဲ့ တရားမဝင် ရွှေ့ပြောင်း အလုပ်သမားတစ်ယောက်ကို ငှားရမ်းတာတွေ့ရှိရင် ဘတ် ၁ သောင်း ကနေ တစ်သိန်းကြားသာ ပေးဆောင်ရတော့မှာ ဖြစ်သလို တရားမဝင် အလုပ်သမားတွေ ပေးဆောင်ရမယ့် ဒဏ်ငွေကိုလည်း ၁၀ ဆလောက် လျှော့ပေါ့ပေးလိုက်တယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဌ ဦးမိုးကြိုး က ပြောပါတယ်။

"ပြုပြင်ပြောင်းလဲချက်က အလုပ်ရှင်တွေအတွက်ကို တရားမဝင် ရွှေ့ပြောင်းအလုပ်သမား တစ်ယောက်ကို ငှားရမ်းမယ်ဆိုရင် ဘတ် ၄ သိန်း ကနေ ၈ သိန်းကြား ငွေဒဏ်နေရာမှာ အခု ဘတ် ၁ သောင်းကနေ ၁ သိန်း ကြားပဲ ငွေဒဏ်ပေးဆောင်ဖို့အတွက် ပြောင်းလဲလိုက်တယ်၊ အလုပ်သမားတွေကတော့ ဘတ် ၂ ထောင် ကနေ ၁ သောင်းကြား၊ ၁၀ ဆလျှော့သွားတယ်၊ ဒါ့အပြင်မှာ တရားမဝင် ရွှေ့ပြောင်း အလုပ်သမားတစ်ယောက်ကို ထောင်ဒဏ် ၅ နှစ်ဆိုတဲ့ အသုံးအနှုန်းကိုလည်း မကြာခင်မှာ ဖယ်ရှားပစ်ဖို့ ကြိုးပမ်းနေကြတယ်"

အရင်ဥပဒေမှာ တရားမဝင်ရွှေ့ပြောင်းအလုပ်သမား တစ်ယောက် အဖမ်းခံရရင် ဘတ်ငွေ ၂ သောင်းကနေ ၁ သိန်းအထိ ကျခံရမှာဖြစ်ပြီး မပေးနိုင်ရင် ထောင်ဒဏ် ၅ နှစ် ကျခံရမှာ ဖြစ်တယ်လို့ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။

အဲဒီဥပဒေ ထုတ်ပြန်လိုက်ပြီးနောက်ပိုင်း ထိုင်းနိုင်ငံမှာ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် စတဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေ နေရပ်ပြန်ခဲ့ကြရပါတယ်။

စာရွက်စာတမ်း အထောက်အထား မရှိသူတွေနဲ့ အထောက်အထား မစုံလင်တဲ့ သောင်းနဲ့ချီတဲ့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာလည်း နေရပ်ပြန်လာခဲ့ကြပါတယ်။

ထိုင်းအစိုးရက ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်လိုက်တဲ့ အဲဒီဥပဒေကို ပြီးခဲ့တဲ့ရက်ပိုင်းက ပြန်လည်ပြင်ဆင်ပြီး ပြစ်ဒဏ်တွေ လျှော့ပေါ့ပေးလိုက်တာလည်း ဖြစ်ပါတယ်။

တရားမဝင် ရွှေ့ပြောင်းအလုပ်သမားဆိုတာ ထိုင်းနယ်စပ်ဒေသတွေနဲ့ နိုင်ငံအတွင်းပိုင်းကျတဲ့နေရာတွေမှာ လုပ်ငန်း လိုအပ်ချက်အရ လစဉ်အလုပ်သမားအသစ်တွေကို ခေါ်ယူရလေ့ရှိပြီး သူတို့ဟာ စာရွက်စာတမ်း အထောက်အထား တွေ မရှိသေးတဲ့အတွက် လျှောက်ထားစဉ်မှာ အလုပ်လုပ်နေသူတွေ ဖြစ်တယ်လို့ ဦးမိုးကြိုး က ပြောပါတယ်။

တဖက်မှာလည်း အခုလို ပြစ်ဒဏ်တွေ လျှော့ပေါ့ပေးလိုက်တာကြောင့် လူမှောင်ခိုလုပ်ငန်း နဲ့ လူကုန်ကူးမှုတွေကို ထိုင်းအစိုးရအနေနဲ့ သတိထားဖို့ လိုအပ်လာတယ်လို့လည်း ပြောပါတယ်။

ထိုင်းနိုင်ငံအတွင်း အိမ်အကူ လုပ်ကိုင်နေကြသူတွေကို အကာအကွယ်ပေးရေးဆိုင်ရာ ဥပဒေသစ်တစ်ရပ်ကိုလည်း ထိုင်းအစိုးရက ဖေဖော်ဝါရီလကုန်ပိုင်းလောက်က ပြဌာန်းခဲ့ပါတယ်။

အဲဒီဥပဒေသစ်မှာ ၁၅ နှစ်အောက် ကလေးလုပ်သားတွေကို အိမ်အကူအဖြစ်မခိုင်းစေဖို့၊ အိမ်အကူတွေကို တစ်ပတ်မှာ တစ်ရက်နားရက်ပေးဖို့ စတဲ့အချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရွှေ့ပြောင်းကလေးတွေကို ထိုင်းနိုင်ငံမှာ ၁၀ နှစ်နေထိုင်ခွင့်လက်မှတ် အထောက်အထားတွေ ထုတ်ပေးနေပြီး အခုလို နေထိုင်ခွင့်ပြုလိုက်တဲ့အတွက် ထိုင်းနိုင်ငံက စာသင်ကျောင်းတွေမှာ အခမဲ့ ပညာ သင်ကြားခွင့်နဲ့ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေရလာမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။